မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း အမှတ်စဉ်(၇/၂၀၂၁) ဖွင့်လှစ်

မကွေး နိုဝင်ဘာ ၂၂

တစ်နိုင်တစ်ပိုင်လုပ်ငန်း‌ရှင်များ ပေါ်ထွက်လာပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် ဒေသထွက်သီးနှံများကို အခြေခံ၍ တန်ဖိုးမြှင့် စား‌‌သောက်ကုန်ပစ္စည်းများအား ဗီတာမင်နှင့် အာဟာရဓာတ်များ ပြည့်ဝစွာပါရှိ၍ ကျန်းမာရေးနှင့်ညီညွတ်စွာ ထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၇/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာ မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး ကဏ္ဍကြီး(၈)ရပ်အနက် ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရေးအတွက် အသေးစား စက်မှုလက်မှု လုပ်ငန်းများအား မှတ်ပုံတင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ နည်းပညာလွှဲပြောင်း သင်တန်းပေးခြင်း၊ ပြည်သူလူထု ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းရေးအတွက် လူသုံးကုန်/ စားသောက်ကုန်များအား ဓာတ်ခွဲစမ်းသပ်စစ်‌ဆေးခြင်း၊ တီထွင်စမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း ပြည်သူလူထုတွေအနေနဲ့ ဒီဌာနကနေ သင်ကြားပို့ချပေးတဲ့ သင်တန်းတွေကို တက်ရောက်ပြီး အသိပညာ၊ အတတ်ပညာများရရှိစေဖို့၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေဖို့၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေဖို့၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ထူထောင်နိုင်ပြီး အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်ငယ်များ ပေါ်ထွက်လာစေဖို့အတွက် ဌာနအနေနဲ့ ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင ပတ်သက်၍ ရှင်းလင်းတင်ပြရာ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်း အမှတ်စဉ်(၇/၂၀၂၁)တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုပေးတဲ့ ရန်ပုံငွေဖြင့် အခမဲ့ဖွင့်လှစ် ပေးတာဖြစ်ပြီး ‌ဒေသတွင်း လူငယ်တွေ အလုပ်အကိုင်ရရှိရန်နှင့် ဒေသမှာထွက်ရှိတဲ့  ကုန်ကြမ်းပစ္စည်းတွေကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိပြီး မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၂၂.၁၁.၂၀၂၁ ရက်နေ့မှ ၂၆.၁၁.၂၀၂၁ ရက်နေ့ထိ(၅)ရက် အခမဲ့ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၀)ဦးခန့်အား ဂျုံဖြင့်ပြုလုပ်သော ကိတ်အမျိုးမျိုး၊ ကွတ်ကီးအမျိုးမျိုး၊ မြေပဲယိုထုတ်လုပ်ခြင်း၊ နှမ်းယိုထုတ်လုပ်ခြင်း၊ မြေပဲဆားလှော် ထုတ်လုပ်ခြင်း၊ နံကထိုင်ပြုလုပ်ခြင်း၊ ချောကလက်နံကထိုင် ပြုလုပ်ခြင်း၊ ခါဂျာပြုလုပ်ခြင်း၊ စာကလေးခွေ ပြုလုပ်ခြင်းတို့အား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုအောင်