ဆင်ပေါင်ဝဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဆင်ပေါင်ဝဲ   နိုဝင်ဘာ    ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့က ကျားထူးစမ်းကျေးရွာအုပ်စုသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်၏ ကြီးကြပ်မှုဖြင့် လဝကမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ပြည်သူများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှ စတင်ပြီးရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မိမိမွေးဖွားရာဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများနှင့် ရွှေ့ပြောင်း နေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သူ လက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျားထူးစမ်းကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ အသက် (၁၀)နှစ်ပြည့်(၅)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ(၂၁)ဦး၊ မှတ်ပုံတင်လဲလှယ်သူ(၁၇)ဦး၊ မိတ္တူ(၁၃) စုစုပေါင်း(၅၆)ဦးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)