ရသေ့တောင် နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့မှစ၍ သတ်မှတ်စုရပ်အသီးသီး၌ နံနက် ၉ နာရီမှညနေ ၄ နာရီထိ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိဆေးထိုးသတ်မှတ်နေရာ(၁၈)နေရာတို့၌ ပထမအကြိမ်ထိုးနှံပြီးစီးခဲ့သည် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအနက် (၆၄၂၄)ဉီးတို့အား ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ ပထမနေ့အဖြစ် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိသူများကို လည်း သတ်မှတ်နေ့ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ် -၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ ကိုယ် အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများပြုလုပ်ပြီး ဌာနဆိုင်ရာများ၊ ပညာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေး လျက်ရှိသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ အောက်တိုဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့သည့် အသက်(၁၂)နှစ်အထက် အထက်တန်းအဆင့် (၂၀၈၄)ဦး ၊ အလယ်တန်းအဆင့် (၇၅၉၄)ဦး စုစုပေါင်းကျောင်းသား၊ကျောင်းသူ (၉၆၇၈) ဦးရှိကြောင်း သိရသည်။
အောင်စံထွန်း