စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ချီပါမျိုးသန့်ခြံရှိ လုပ်ငန်းဆောင်ရွက် နေမှုများကို ကွင်းဆင်းကြည့်ရှု

ရွှေဘို နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါမျိုးသန့်ခြံရှိ လုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉နာရီက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ ချီပါမျိုးသန့်ခြံရှိ  တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ချီပါမျိုးသန့်ခြံတာဝန်ခံ ဦးမင်းဆွေက ကချီပါမျိုးသန့်ခြံရှိ မျိုးသန့် စပါးစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများနှင့် မျိုးဖြန့်ဖြူး ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူး  ဦးဝင်လှိုင်းဦး ၂၀၂၀-၂၁ မိုးသီးနှံ၌ ချီပါမျိုးသန့်ခြံမှ ပေါ်ဆန်းရင် မျိုးကောင်းမျိုးသန့် ဧက(၅၀)နှင့် ဧရာမင်း မျိုးကောင်းမျိသန့် ဧက(၂၀)  မျိုးသန့်ပွှားများ စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ရရှိလာသော မျိုးသန့်မျိုးပွား မျိုးစေ့ တင်းပေါင်း(၄၂၃၀)ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် တိုင်းပြင်ပများကို မျိုးဖြန့်ဖြူး နိုင်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူမျသည် ချီပါမျိုးသန့်ခြံရှိ မျိုးသန့်ပွှားများ စိုက်ပျိုးလျက်ရှိသော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုခဲ့သည်။

ယခုနှစ် မိုးစပါးရာသီ၌ ရွှေဘိုမြို့နယ်တွင် သဖန်းဆိပ်ဆည်ရေသောက် ဧရိယာ ဖြစ်သော SMC တူးမြောင်း၊ OMC တူးမြောင်းမှ လည်ကောင်း၊ ကံဖြူရေဟန့်ဆည်မှ လည်းကောင်း  ကြိုးကြာဆည်မှ လည်းကောင်း၊ ကိုးပင်ဆည်မှ လည်းကောင်း၊ အခြားဆည်များမှ လည်းကောင်း၊ စက်ရေတင်မှ လည်းကောင်း၊ မြေအောက်ရေမှ လည်းကောင်း၊ မိုးကောင်းသောက်မှလည်းကောင်း စိုက်ပျိုးရေများဖြင့် ဇူလိုင်လမှ စတင်၍ ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ရွှေဘိုပေါ်ဆန်း (၉၇၂၈၄)ဧက၊ ဧရာမင်း (၃၁၈၀)ဧက၊ မနော်ဟရီ (၁၂၉၉၆)ဧက၊ ရွှေသွယ်ရင် (၁၄၄၅)ဧက၊ ဆင်းသုခ (၁၈၇)ဧက စုစုပေါင်းမိုးစပါးစိုက်ဧက (၁၁၆၈၇၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ၎င်းစိုက်ဧကထဲမှ မျိုးသန့် မျိုးပွား မျိုးစေ့ စိုက်ဧက(၁၀၄၀) စိုက်ပျိုးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ဇာဇာမင်းထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)