ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျွဲနွား တိရစ္ဆာန် များအား ခွါနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ ကွင်းဆင်းထိုးနှံပေး

ပွင့်ဖြူ     နိုဝင်ဘာ      ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ရည်ရွယ်၍ ယမန်ရက်နေ့ နံနက်ပိုင်းကစတင်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စုသို့ သွားရောက်၍ ဒေသခံတောင်သူများ မွေးမြူထားရှိသော ကျွဲ၊ နွား တိရစ္ဆာန် များအား ခွါနာ၊ လျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ ကွင်းဆင်းထိုးနှံပေးနေကြောင်း အဆိုပါ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးထံမှ သိရ သည်။

အဆိုပါ ကျွဲနွား တိရစ္ဆာန်များအား ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ခွါနာ၊ လျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ ကွင်းဆင်းထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထေွး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ကျေးရွာ လူထုတိရစ္ဆာန် ကျန်းမာရေးလုပ်သားအဖွဲ့နှင့် ပူးပေါင်း၍ ယမန်နေ့က ကျွဲတိကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများ မွေးမြူထားရှိသော ကျွဲကောင်ရေ ၁၉၄ ကောင်နှင့် နွားကောင်ရေ ၁၂၂၉ ကောင်အား အဖွဲ့များခွဲ၍ ခွါနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံဆောင်ရွက်ပေးခဲ့ကြပြီး ကျေးလက်နေ ပြည်သူများအား မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်ရန် အချက်များနှင့် ကျွဲနွားတိရစ္ဆာန်များနှင့် ပတ်သက်၍ ဖြစ်ပွားတတ်သော ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရန် နည်းလမ်း များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ကျွဲနွားတိရစ္ဆာန်များအား ခွါနာ၊ လျှာနာရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်းကို ယမန်ရက်နေ့မှ ၂၅ ရက်နေ့အထိ ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုးနှံပေးရန်ကျန်ရှိသည့် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ် ကျေးရွာအုပ်စု၊ သံကိုင်းကျေးရွာအုပ်စု၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ဆည်မုန်းကျေးရွာ အုပ်စု  ပေါက်ကုန်းကျေးရွာ အုပ်စု၊  ညောင်ခြုံကျေးရွာအုပ်စုနှင့် ပေတောကျေးရွာ အုပ်စုတို့မှ ကျေးရွာ ပေါင်း (၂၄)ရွာရှိ ကျွဲ ၁၃၈ ကောင်၊ နွား ၅၄၄၉ ကောင်အား သတ်မှတ်ရက်အတွင်း ကာကွယ်ဆေးအပြီး ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက ပြောသည်။

ရဲဝင်းနိုင်