(၃၂)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ ကလေးများနေ့ မော်လမြိုင်၌ကျင်းပ

မော်လမြိုင်    နိုဝင်ဘာ    ၂၁

၂၀၂၁ခုနှစ်၊  နိုဝင်ဘာ(၂၀)ရက်နေ့တွင်   ကျရောက်သည့် (၃၂) ကြိမ်မြောက်   ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ  ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်  ကမ္ဘာ့ကလေးများနေ့အခမ်းအနား ကို ယမန်ရက်နေ့  နံနက်ပိုင်းက  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း(စမ်းကြီး)တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင်  မွန်ပြည်နယ် ကလေးသူငယ်  အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးတင်ချယ်က  ယနေ့သည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ  သဘောတူစာချုပ်ချုပ်ဆိုသည့် (UNCRC Day)ဖြစ်သလို ကမ္ဘာ့ ကလေးများနေ့ (World’s  Children   Day) ဖြစ်ကြောင်း၊  ကမ္ဘာတစ်ဝှမ်းလုံးရှိ   ကလေးငယ်များ အနာဂတ်ဘဝပိုမိုတောက်ပစေရေး၊ ကလေးငယ်များကို  ကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏ အခွင့်အရေးပိုမိုရရှိနိုင်ရေးနှင့် ကလေးများ  ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွဖြေရှင်းပေးနိုင်ရေး စသည့် ရည်ရွယ် ချက်များဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကလေးများနေ့ကို ကျင်းပပြုလုပ် ကြကြောင်း ၊ကလေးတိုင်း ဘဝလှပရေး ပိုမိုကောင်းမွန်သော အနာဂတ်ဖန်တီးပေး” ဆောင်ပုဒ်နှင့်အညီ  ကလေး သူငယ်အခွင့်အရေးများကိုကလေးတိုင်း အပြည့်အဝခံစားခွင့်ရရှိပြီး ကောင်းမွန်လုံခြုံ စိတ်ချ ရသော အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်မှသာ နောင်တစ်ချိန် တိုင်းပြည်နှင့်လူမျိုးအတွက် အားထားရသည့် နိုင်ငံ့သားကောင်းရတနာများ  ပေါ်ထွန်းလာမည်ဖြစ်သောကြောင့် ဝိုင်းဝန်းပူးပေါင်း စောင့်ရှောက် ကြစေလို ကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူးက ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအထိမ်းအမှတ် အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပေးပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုပြိုင်ပွဲများတွင် ဆုရရှိသူများအား လူမှုရေးရာဝန်ကြီးနှင့်  တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။

ထို့နောက်ကလေးငယ်များက ဖျော်ဖြေရေးအစီအစဉ်ဖြင့် တေးသီချင်းများ သရုပ်ဖော် တင်ဆက်ပေးကာ တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးကြောင်းသိရသည်။

ဇာဖြူဝင်း