ပွင့်ဖြူ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် နဘဲကုန်းကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံ ပြည်သူ များကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက ဒေသခံပြည်သူများ ၏ လူမှုဘဝ ဖွံ့ဖြိုးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ဆောင်ရွက်ပေးရခြင်းနှင့် စပ်လျဉ်းပြီး အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြား သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နဘဲကုန်းကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား လာ ရောက် ပြုလုပ်သည့် ဒေသခံပြည်သူ(၇၀)ဦးအား အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြပြီး အိမ်ထောင်စုလူဦးရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက်ခြင်းနှင့် သေစာရင်း ပယ်ဖျက်ခြင်း ပြုလုပ်လိုသော ဒေသခံပြည်သူများကိုလည်း အခမဲ့ ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ ဝန်ဆောင်ပေးခြင်းကို လူဦးရေ ၃၉၀၀ လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ သတ်မှတ်လျာထားဦးရေ ပြည့်မီရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးနေကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင်