ခင်ဦး ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ မိုးမြေပဲသီးနှံပိုးမွှားရောဂါ ကျရောက်မှုကြောင့် ထိခိုက် ပျက်စီးမှု မရှိစေရေးအတွက် ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မာချို၊ မြို့နယ်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးသင်းဖေနှင့် စိုက်ပျိုးရေးကွင်းတာဝန်ကျဝန်ထမ်းများက ယနေ့တွင်တောင်သူများထံ ကွင်းဆင်း ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကုန်ကြီးကျေးရွာ၊ ကျွန်းပင်ကန်ကျေးရွာ၊ မြေနီရှိုကျေးရွာ တို့တွင် သွားရောက်ပြီး ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မာချိုက သီးနှံအလိုက်ပိုးမွှားရောဂါများ၊ ဓာတုဆေးများနှင့် အသုံးပြု နည်းများ၊ လိုက်နာရမည့်စည်းကမ်းများ၊ ဘေးအန္တရာယ်များ၊ သဘာဝပိုးသတ်ဆေးပြုလုပ် သုံးစွဲနည်းများ ကို ဆွေးနွေးပြောကြားပြီး မိုဘိုင်းဖုန်းဖြင့် အသုံးပြုသော သီးနှံကာကွယ်ရေး ဆော့ဝဲ( PP app) မျှဝေခြင်း၊ အသုံးပြု ပုံများကို ရှင်းလင်းခဲ့သည်။ ထို့နောက် မိုးမြေပဲ စိုက်ခင်းသို့ တောင်သူများနှင့်အတူ လက်တွေ့ကွင်းဆင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ခင်ဦးမြို့နယ်တွင် မိုးမြေပဲ စိုက်ဧက (၃၀၇၃၁) ရှိကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)