မော်လမြိုင် နိုဝင်ဘာ ၂၀
မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့် မြို့အနီးဝန်းကျင်တစ်ဝိုက်တွင် ကျွဲကောပင်များ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး ကာလရှည်သီးနှံများနှင့် အခြားသီးနှံများကိုလည်း တောင်သူများမှ အများအပြား စိုက်ပျိုးလာကြသည်။
မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံနှင့် ရော်ဘာစိုက်ပျိုးမှုအောင်မြင် ဖြစ်ထွန်းသော ပြည်နယ်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ကျွဲကောပင်စိုက်ပျိုးမြေ (၃၃၉၃)ဧက ရှိရာ တစ်ဧကလျှင် ကျွဲကောသီး အလုံးရေ (၄၈၀၀)ကျော် ထွက်ရှိကြောင်းနှင့် ကျွဲကောပင်သည် အကျိုးအမြတ်များသော နှစ်ရှည်သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးနည်းစနစ် မှန်ကန်အောင် ကူညီဆောင်ရွက် လျက်ရှိကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ကျွဲကောပင်များကို အစေ့မှလည်းကောင်း၊ ကိုင်းဆက်နည်းဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး (၆)နှစ် အကြာတွင် အသီးစတင်ရရှိကြောင်း၊ ကျွဲကောပင် (၁၂)ပင် စိုက်ပျိုးခြင်းဖြင့် တစ်နှစ်ဝင်ငွေကျပ် သိန်း(၃၀)ကျော်ရရှိနိုင်ကြောင်း မုဒုံမြို့နယ် ကျွဲကောပင်စိုက်တောင်သူ တစ်ဦးကပြောသည်။ ကျွဲကောသီးများကို အသီးအရွယ်အစားအလိုက် အသေးတစ်လုံးလျှင် (၁၀၀၀) ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။