ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ ၁၄၇၉ ဦးနှင့်သေဆုံးသူ ၁၄၇ ဦး အထိရှိလာ

ပခုက္ကူ   နိုဝင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဇွန်လမှ စတင်ပြီး အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ကြရာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၄၇၉ ဦးနှင့် သေဆုံးသူ ၁၄၇ ဦးအထိရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဒေသခံ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအရောက် ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign လှုပ်ရှားဆောင်ရွက်ခြင်း၊ မြို့အဝင်/အထွက်များတွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ထားရှိပြီး ခရီးသွားပြည်သူများအား ကြပ်မတ်စစ်ဆေးခြင်း၊ ရောဂါပိုးတွေ့လူနာများနှင့်ထိစပ်သူများ၊ သံသယလူများအား နှာခေါင်း တို့ပတ်၊ အာခေါင်တို့ပတ်ရယူ၍ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူ များအား ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ ကိုဗစ်ပိုးတွေ့လူနာ သီးသန့် ဆောင် (Isolation Ward) တွင် ဆေးကုသမှုခံယူစေခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆက်ဆောင်ရွက်ကြကြောင်း၊ ပခုက္ကူမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးသူပေါင်း ၉၀၂၆ ဦးရှိပြီး ပိုးတွေ့ရှိလူနာ ၁၄၇၉ ဦးနှင့် သေဆုံးသူ ၁၄၇ ဦးအထိ ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူထံက သိရသည်။

ဆလိုင်းကိုကီး