ပုသိမ် နိုဝင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံတက်ကြွစွာဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန် နေ့လည်ပိုင်း က ပုသိမ်မြို့ ဧရာရွှေဝါခန်းမမှာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း မိမိရဲ့အသက်ကိုပဓာနမထားပဲ ရောဂါကာကွယ် ထိန်းချုပ်ရေး၊ ကုသ ရေးလုပ်ငန်းများအား စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် အထူးကျေးဇူး တင်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ် ငန်းများဆောင်ရွက်ရာ၌ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် အသုံးပြုရန်အတွက် 40L Oxygen Cylinder အိုးများ၊ Oxygen Concentrator များနှင့် အရေးပေါ်သုံးစွဲနိုင်ရန်အတွက် အသက် ကယ်ဆေး (၅) မျိုးတို့ကို ဝယ်ယူထောက်ပံ့ ပေးနိုင်ခဲ့ပါကြောင်း၊ ဆေးရုံများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများ၊ စားစရိတ်နှင့် စက်သုံးဆီအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ ပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိတဲ့ အောက်ဆီဂျင် မပြတ်လပ်စေရန် oxygen plant များ တည်ဆောက်နိုင်ဖို့အတွက် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များ အားလုံးကိုလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးအရအဖွဲ့ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့မှ ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းကာလတွင်း တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသော ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများအတွက် ဂုဏ်ပြုဆု ချီးမြင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများအား ထောက်ပံ့ပေးအပ်ခဲ့ရာသက်ဆိုင်ရာခရိုင်၊မြို့နယ် ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူများ၊ ပြည်သူ့ကျန်း မာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ Volunteer/ ပရဟိတအဖွဲ့များမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များမှ လက်ခံရယူခဲ့ကြသည်။
ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခံရသူများကိုယ်စား မြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)