ပခုက္ကူ နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ)ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ (ဈေးကွက်) အတွင်း ကြက်သွန်နီပိဿာချိန်ပေါင်း ၂၀၀၀၀၀ ကျော်အထိ နေ့စဉ်ဝင်ရောက်လာသော်လည်း ဝယ်လိုအားနည်း လျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ) ဦးမေဃကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံမှာ ပခုက္ကူ၊ ဆိပ်ဖြူ၊ ပုလဲ-မင်းနိုင်၊ ပေါက်နှင့်ယောနယ်ဒေသများမှတောင်သူတွေထံက ကြက်သွန်နီတွေကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်ပြီး ဈေးကွက် လက်ခံဆောင်ရွက်ကြရာ ယခုအချိန်ထိ အနည်းဆုံး ပိဿာချိန်ပေါင်း ၁၅၀၀၀ မှ အများဆုံး ပိဿာချိန်ပေါင်း ၃၅၀၀၀၀ ကျော်အထိ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ ယနေ့တွင် ကြက်သွန်နီအိတ်ပေါင်း ၆၂၇၀အိတ်၊ ပိဿာချိန်ပေါင်း ၂၁၉၄၅၀ခန့် ဝင်ရောက် လာရာ ကြက်သွန်နီတစ်ပိဿာကို အများဆုံးငွေကျပ် ၄၀၀မှ အနည်းဆုံးငွေကျပ် ၅၀ကျပ်တို့ဖြင့် ရောင်းချရကြောင်း၊ ကြက်သွန် ဖြူဈေးမှာ တစ်ပိဿာလျှင် အများဆုံးငွေကျပ် ၂၈၀၀မှ အနည်းဆုံးငွေကျပ် ၁၂၀၀ နှုန်းရှိပြီး ဈေးကွက်အတွင်း နေ့စဉ်ပိဿာ ချိန် ၅၀၀၀ မှ ၃၀၀၀၀ ခန့်အထိ ဝင်ရောက်လျက်ရှိကြောင်း၊ ယခင်နှစ်များတွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀မှ ၂၀၀၀ ကျပ်အထိ ရှိခဲ့သော်လည်း ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားနေမှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အခက်အခဲများနှင့်ကြုံတွေ့ရခြင်း၊ ဒေသတွင်းဈေးကွက်များ၌ ကြက်သွန်ဝယ်လိုအား သိသာစွာကျဆင်း နေခြင်းတို့ကြောင့် ပုံမှန် ဈေးနှုန်းထက် အဆမတန်ကျဆင်းနေကြောင်း၊ အရည်အသွေးကောင်းမွန်သော ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၄၀၀ကျပ် နှုန်းဖြင့် ဗီယက်နမ်း၊ထိုင်း၊ ဘင်္ဂလားရှေ့ဒ်နိုင်ငံများစသည့် ပြည်ပနိုင်ငံများက ဝယ်ယူမှု အနည်းငယ်ရှိသေးကြောင်း၊ လက်ရှိချိန် တွင် မိုးကြက်သွန်နီများ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း၊ ပခုက္ကူခရိုင် ကုန်စိမ်းလိုင်းခွဲကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းထံက သိရသည်။
ထို့အပြင် ပေါက်မြို့နယ်၊ ပျဉ်းချောင်းကျေးရွာမှ ကြက်သွန်နီလာရောက်ရောင်းချသည့် တောင်သူဦးညီညီမင်းကျော်က “ ယခုနှစ်တွင် မိုးကြက်သွန်နီစိုက်ခင်း တစ်ဧကလျှင် ကျင်းပေါင်း ၁၉၈ကျင်းစီဖြင့် နှစ်ဧကစိုက်ပျိုးထားကြောင်း၊ ကြက်သွန်နီ တစ်ဧကအတွက် စိုက်စရိတ်ငွေကျပ် ၁၂၀၀၀၀၊ အလုပ်သမားခ ငွေကျပ် ၁၃၀၀၀၊ မြေဩဇာထည့်စရိတ် ငွေကျပ် ၁၂၀၀၀၀၊ လယ်ထွန်းစရိတ်ငွေကျပ် ၁၄၀၀၀၀၊ နွားရှင်းခ ငွေကျပ် ၂၀၀၀၀ ၊ ရေသွင်းစရိတ် ငွေကျပ် ၁၁၀၀၀၊ ပေါင်းသတ်ဆေးဖြန့်စရိတ် ငွေကျပ် ၁၀၀၀၀၀၊ ရိတ်သိမ်းစရိတ် ငွေကျပ် ၃၀၀၀၀၀နှင့်အခြားလုပ်ငန်းများအတွက် အရင်းအနှီးစုစုပေါင်း (၁၂)သိန်းကျော် ကုန်ကျခဲ့ကြောင်း၊ ကြက်သွန်နီတစ်ကျင်းတွင် ပိဿာချိန် ၂၀ထွက်ရှိပြီး ရောင်းချနေဆဲကာလဖြစ်သောကြောင့် အမြတ်ရရှိငွေ ရရှိမှုတန်ဖိုးခန့်မှန်းလို့မရနိုင်သေးကြောင်း၊ နွေကြက်သွန်နီကို တစ်ဧကလျှင် ပျိုးပင်လေးပြည်နှုန်းဖြင့် နှစ်ဧက(ကုန်းစိုက်စနစ်) စိုက်ပျိုးခဲ့ကြောင်း၊ ကြက်သွန်ပျိုးပင်တစ်ပြည်ကို ငွေကျပ် ၅၀၀၀၀ဖြင့်ဝယ်ယူရပြီး အရင်းအနှီးအားလုံးပေါင်း ၂၅သိန်း ကုန်ကျခဲ့ ကြောင်း၊ တစ်ဧကအထွက်နှုန်း ၅၀၀၀ပိဿာထွက်ရှိပြီး နှစ်ဧကပေါင်း ၁၀၀၀၀ပိဿာရှိကြောင်း၊ နွေကြက်သွန်နီတစ်ပိဿာကို ငွေကျပ် ၃၀၀နှင့်၄၀၀ အကြား ရောင်းချရသောကြောင့် ရင်းနှီးစရိတ်နှင့်ပြန်လည်ရောင်းချရရှိငွေတို့အပေါ် နှိုင်းယှဉ်လျှင် အရှုံး ပေါ်ကြောင်း၊ ကျွန်တော်တို့ရွာကတောင်သူတွေအနေဖြင့် ကြက်သွန်နီကိုပဲ အားထားစိုက်ပျိုးကြသောကြောင့် ကိုဗစ်-၁၉ရောဂါ ကင်းစင်ပြီး ပြည်ပဈေးကွက်က ကောင်းမွန်သောဈေးနှုန်းဖြင့် များများဝယ်ဖို့ကိုသာ ဆုတောင်းမျှော်လင့်နေကြကြောင်း” ပြောပြသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)