ဝန်းသို နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် တောင်သူဦးကြီးများ၏ လယ်ယာ ထွက်ကုန်၊ ထုတ်ကုန်များကို ဈေးကွက်သို့အချိန်မီပို့ဆောင်ပေးနိုင်မည့် ကုန်ထုတ်လမ်း(၃)လမ်းဆောင် ရွက်ပေးသွားမည်ဖြစ်ရာ ယနေ့ နံနက် ၁၀နာရီအချိန်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အိမွန်ဟိန်းတို့က ကုန်ထုတ် လမ်း ဖောက်လုပ်မည့် ဘုရားတောင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကုန်ထုတ်လမ်းဖောက်လုပ်မည့် လမ်းဘေးဝဲယာရှိ လယ်ရှင်၊ ယာရှင် တို့၏ မြေနေရာလှူဒါန်းပေးနိုင်မှု အခြေအနေ၊ လမ်းတွင်အသုံးပြုရန် မြေသယ်ယူနိုင်မည့်နေရာ အခြေ အနေ၊ လမ်းဖောက်လုပ်ရာတွင် တံတား၊ ရေပြွန်လိုအပ်မှုရှိ/မရှိ၊ စပါးရိတ်သိမ်းပြီးချိန် လုပ်ငန်း ဆောင်ရွက်နိုင်မည့် အချိန်ကာလနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲရှိနိုင်/မရှိနိုင်တို့ကို ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ခဲ့သည်။
"ကျနော်တို့ကျေးရွာအတွက် ဒီကုန်ထုတ်လမ်းက တကယ်လိုအပ်နေတာပါ၊ ရွာနဲ့နီးနီးလေးရှိတဲ့ လယ်တွေတောင် စပါးရိတ်သိမ်းပြီးရင် ရွာကိုသယ်ဖို့တော်တော်လေးခက်ခဲတယ်၊ တချို့လယ်တွေဆို တစ်ကွေ့တစ်ပတ်ကြီး သယ်ယူကြ ရတာ၊ စပါးသယ်ဖို့ဆိုတာထက် စပါးခြွေလှေ့စက်ဝင်ဖို့တောင် ခက်ခဲပါတယ်၊ အခုကျေးလက်ဦးစီးက လမ်းဖောက်ပေး တော့မယ်ပြောတော့ ဝမ်းသာတယ်၊ လမ်းလုပ်ငန်း ကျခဲ့မယ်လို့မျှော်တောင် မမျှော်လင့်ထားဘူး" ဟု ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းက ပြောသည်။
ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ၂၀၂၁-၂၀၂၂ခု(၆)လ ဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဝင်းကြီးကျေးရွာနှင့် ကျောက်စရစ်ကုန်းကျေးရွာ ကုန်ထုတ် လမ်းဖောက်လုပ်ပေးသွား မည်ဖြစ်ပြီး ဘုရားတောင်ကျေးရွာကုန်ထုတ်လမ်းကို တိုင်းဒေသကြီးအစိုးရ၊ ရန်ပုံငွေကျပ် (၅၅.၅၁)သန်းဖြင့် လမ်းအရှည် (၁/၂)မိုင် ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။