(၃၂)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည် နေ့ အထိမ်းအမှတ်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်

မကွေး     နိုဝင်ဘာ   ၂၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၂)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘော တူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာ စကားပြောကြားရာ ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးသူငယ်များ၏  အခွင့်အရေးကို ကာကွယ် စောင့်ရှောက် နိုင်ရန်အတွက် ပေါ်ပေါက်လာသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၏ (၃၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သလို ကမ္ဘာ့ကလေးများနေ့ ဖြစ်‌ကြောင်း၊ ကလေးသူငယ်များအကျိုးကို မြှင့်တင်ရန်နှင့် ကလေးသူငယ်များအတွက် အကျိုး ကျေးဇူးများ ရရှိစေမည့် ကိစ္စရပ်များကို ဦးဆောင်လှုပ်ရှားမှုများ ရရှိစေရန် ရည်ရွယ်ပြီး နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့တိုင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပလျက်ရှိကြောင်း၊ ယခုနှစ် ကမ္ဘာ့ကလေးများနေ့ အတွက် ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “ ကလေးတိုင်း ဘဝလှပရေး ပိုမိုကောင်းမွန်သော အနာဂတ်ဖန်တီးပေး” ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ကလေး သူငယ်များ ကြုံတွေ့နေရသော လွဲမှားစွာပြုကျင့်ခံရခြင်း၊ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်း များနှင့် ခွဲခြားဆက်ဆံမှုခံရခြင်းများကို အများပြည်သူများ သိရှိပြီး ဝိုင်းဝန်းကာကွယ်တားဆီး စောင့်ရှောက်ပေးနိုင်ရန်အတွက် ကျင်းပရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည်လည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၁ ခုနှစ်၊ ဂျူလိုင်လ ၁၆ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဩဂုတ်လ ၁၅ ရက်‌နေ့တွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ် လာခဲ့ပါကြောင်းနှင့် ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ် သောကြောင့် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍရပ်များအား အလေး ထားဂရုစိုက်ခြင်းဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန်း၍ လုံခြုံစိတ်ချရသော အနာဂတ် တစ်ခုဖန်တီး‌ပေးနိုင်ရန် အတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလို ကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက ကလေးများတွင် ရရှိရမည့် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ အသိပညာပေး ဗီဒီယိုအား ပြသခဲ့ကြောင်း သိရသည်။ ထို့နောက် မကွေးမူလတန်းကြို ကျောင်းနှင့် မကွေးကလေးပြုစု‌ရေးဌာနမှ ရင်သွေးငယ်များက တေးသီချင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်တို့က ဆုငွေနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုအောင်