မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရိုးရာခြင်းလုံး အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်

မကွေး  နိုဝင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရိုးရာခြင်းလုံး အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃) နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာရိုးရာယဉ်ကျေးမှုအမွေအနှစ် မတိမ်ကော မပပျောက်စေရေးအတွက် ခြင်းလုံးအားကစားနည်းကို မြန်မာလူမျိုးတိုင်း ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်သောကြောင့် မိမိတို့အနေဖြင့် မြန်မာရိုးရာ အခြေခံရိုးရာ ခြင်းလုံး အားကစားနည်းသင်တန်းကို ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်အတွက် ဝမ်းသာမိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် နည်းပြ ဆရာ/ဆရာမများ သင်ကြားပြသပေးသော ခြင်းလုံးခတ်အားကစား နည်းများအား အမြဲမပြတ် လေ့ကျင့်ကာ နိုင်ငံ့ဂုဏ်ဆောင်သော အားကစားသမားကောင်းများ ဖြစ်လာသည် အထိ ကြိုးစား လေ့ကျင့်ကြစေလိုကြောင်းနှင့် မကွေးတိုင်းဒေသကြီး အစိုးရအနေဖြင့် မကြာမီ ကာလအတွင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ပေါက်တန်းနှင့် အခြေခံထိချက် (၆)ချက် ခြင်းလုံးခတ် ပြိုင်ပွဲအား ကျင်းပသွားမည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ကာ အနိုင်ရရှိအောင် စွမ်းဆောင် ပေးကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသား/သူများ ကိုယ်စားသင်တန်းသားတစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းသား/သူများမှ ရိုးရာ ခြင်းလုံး(၄)ပေါက်တန်း ဝိုင်းဖွဲ့အမှတ်ခတ် သရုပ်ပြသခြင်းနှင့် ဆီးဂိမ်းရွှေတံဆိပ်(၂)ဆုရှင် မတင်တင်လင်းတို့မှ ရိုးရာခြင်းလုံး သရုပ်ပြသခြင်းများ ပြသခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံရိုးရာခြင်းလုံး အားကစားနည်းသင်တန်းကို တိုင်းဒေသကြီးအတွင်းရှိ လူငယ်/လူရွယ်များ မိမိတို့ရိုးရာယဉ်ကျေးမှု အားကစားနည်းများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန်၊ တိုင်းဒေသကြီးအတွင်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကြီးမှူး အောက်တိုဘာလ (၂၉)ရက်နေ့မှ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ သင်တန်း ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)