မော်လမြိုင် နိုဝင်ဘာ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူး၍ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဆင်းပွဲကို မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မော်လမြိုင်လူငယ်သင်တန်းကျောင်း (စမ်းကြီး) တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယုက ယခုသင်ကြားပေးလိုက်သည့် အခြေခံအိမ်တွင်း လျှပ်စစ် သွယ်တန်းမှု နည်းပညာကို အသုံးချ၍ အသေးစား စက်မှု၊ လက်မှု လုပ်ငန်းငယ်များထူထောင်နိုင်ပြီး မိသားစုဝင်ငွေ တစ်ဘက် တစ်လမ်းမှ တိုးပွားလာမည်ဖြစ်ကြောင်း၊ လျှပ်စစ်အန္တရာယ်ကို သိရှိ နားလည်၍ လျှပ်စစ်ဝါယာရိန်း၊ လျှပ်စစ်ဆိုင်ရာ ပစ္စည်းများကို နည်းစနစ်မှန်ကန်စွာကိုင်တွယ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မော်လမြိုင်လူငယ်သင်တန်းကျောင်း ကျောင်းအုပ် ဦးဧရာဦးက သင်တန်းဖြစ် မြောက်ရေးနှင့် နည်းပြများ၏ ပံ့ပိုးမှုပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားပေးသည်။ အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြများဖြစ်သည့် ဦးသက်နောင်နောင်ဦး (လက်ထောက်အင်ဂျင်နီယာ) နှင့် ဦးစိုင်းခွန်သူရိန်ဦး (ဒုတိယဦးစီးမှူး) တို့က သင်တန်းသား ၂၀ ဦးအား နိုဝင်ဘာ ၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၁၅ ရက် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)