ပုသိမ် နိုဝင်ဘာ ၂၀
ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် လူအင်အား၊ ငွေအင်အား စသည့် ပစ္စည်းများအတွက် အားတက်သရော ပါဝင်လှူဒါန်း ကူညီဆောင်ရွက်ပေးခဲ့ကြသည့်ပုဂ္ဂိုလ်များအား ချီးကျူးဂုဏ်ပြုသည့် အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် ဖြစ်သည့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းအား ယခုနှစ်ဒီဇင်ဘာလကုန်တွင် တိုင်းဒေသကြီးအတွင်းရှိ ကာကွယ်ဆေးထိုးနိုင်သည့် လူဦးရေ၏ (၅၀)ရာခိုင်နှုန်းအား ထိုးနှံနိုင်ရေး ကြိုးပမ်း ဆောင်ရွက် ခဲ့ရာတွင် ယနေ့အထိပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၁၅၈၆၄၄၁)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၇၃.၁၇)ရာခိုင်နှုန်း ထိုးနှံပေးပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အလှူရှင် အသီးသီးထံမှ အလှူငွေ၊ ဆေးဝါးနှင့်အောက်ဆီဂျင်အိုး၊ အိမ်သုံးအောက်ဆီဂျင်စက်စသည့် ငွေနှင့်ပစ္စည်း စုပေါင်း လှူဒါန်းမှု ငွေကျပ်သိန်းပေါင်း(၅၀၂၉၇)သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးရုံများ၊ စေတနာဝန်ထမ်းများအတွက် ကျန်းမာရေး အကာအကွယ်သုံးပစ္စည်းများ၊ စားစရိတ်နှင့်စက်သုံးဆီဖိုးထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၅၃၅၁၇၂၀၀၀)သိန်းအား ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင်တို့က ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြု ဆုချီးမြှင့်ခံရသူများ ကိုယ်စားမြောင်းမြခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ယနေ့ ဂုဏ်ပြုချီးမြှင့်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှချီးမြှင့် ငွေကျပ်သိန်း (၄၀၀) ဖြစ်ကြောင်း သိရသည်။
ကိုတွတ်