(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁) ကျင်းပ

စစ်တွေ  နိုဝင်ဘာ ၂၀

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၁)ကို ယမန်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်များသတ်မှတ် ပြဌာန်းရာတွင် ရခိုင်ပြည်နယ်ကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး အတွက် ဆန္ဒခံယူပွဲ စတင်ကျင်းပခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှစတင်၍ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်ကျင်းပခဲ့ရာတွင် ယခု ဆိုလျင် ၄၇ ကြိမ်မြောက် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးလျက်ရှိပြီး ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး ကဏ္ဍများ မှာလည်း ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်နေ့ အခမ်းအနားနှင့် အခြားနေ့ထူးနေ့မြတ်များဖြစ်သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့စသည့် နေ့ကြီးရက်ကြီးအခမ်းအနားများကို နှစ်စဉ်နှစ်တိုင်းကျင်းပနိုင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်များတွင် နယ်မြေဒေသ အခြေအနေအရသော်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့်လည်းကောင်း၊ ပွဲလမ်းသဘင်များကို အကျဉ်းချုပ်ဖြင့်သာ ကျင်းပနိုင်ခဲ့ ပါကြောင်း၊ ယခု ရခိုင်ပြည်နယ်၏ လက်ရှိနယ်မြေဒေသ အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သောကြောင့် လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများကလည်း အထိုက် အလျောက် ထိန်းချုပ်နိုင်ပြီ ဖြစ်သောကြောင့် လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်နယ်အတွင်းရှိ ပြည်သူများ၊ IDPs စခန်းများ၊ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများပါမကျန် ထိုးနှံပေးလျက်ရှိသောကြောင့်လည်းကောင်း၊  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကိုလည်း ထိုးနှံပေးနေနိုင်ပြီဖြစ်သည့်အတွက် စာသင်ကျောင်းများလည်း စတင်ဖွင့်လှစ်နိုင်ပြီ ဖြစ်သောကြောင့်လည်းကောင်း၊ ရခိုင်ပြည်သူများ၏ အထိမ်းအမှတ်နေ့ဖြစ်သည့် ၄၇ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၄၇ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်း အနားကို ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖြင့် ဖွဲ့စည်းပြီးစည်ကားသိုက်မြိုက်စွာ အောင် အောင်မြင်မြင်ကျင်းပနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ အနေဖြင့်လည်း မိမိတို့တာဝန်ကျရာ လုပ်ငန်းကော်မတီးများတွင် လူအား၊ စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များရှိပါကလည်း ဦးစီးကော်မတီသို့ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး ဆောင်ရွက်စေလိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဦးစိုင်းသော်ဝင်းက ယခင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ဆုံးဖြတ်ချက်များအား ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများက ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး အကြံပြုဆွေးနွေးကြတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်း ရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)