မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေသည်စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိ

မော်လိုက်  သြဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ဒုတိယအကြိမ်ချင်းတွင်းမြစ်ရေသည် သြဂုတ်လ (၁၀) ရက်နေ့မှ စတင်၍ ပြန်လည်မြင့်တက်လာရာယနေ့မွန်းလွဲ(၁)နာရီအချိန်တိုင်းထွာချက်များအရ ယင်းမြို့၏ စိုးရိမ်ရေမှတ်(၁၂၃၀)စင်တီမီတာအထက် (၉)စင်တီမီတာကျော်လွန် ရောက်ရှိ နေကြောင်း မော်လိုက်ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။ 

မော်လိုက်မြို့နယ်တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများ ရှိ အိမ်ထောင်စု (၃၂၃)စုမှာ ချင်းတွင်းမြစ်ရေဝင်ရောက်လျက်ရှိပြီး မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု မရှိသေးကြောင်းနှင့် စိုက်ပျိုးပြီး မိုးစပါးလယ်ဧက(၆၉)ဧက ချင်းတွင်း မြစ်ရေနစ်မြုပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

မော်လိုက်မြို့နယ်တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် သဘာဝဘေးနှင့်ပတ်သက် သည့် ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုများ မရှိအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ညွှန်ကြား ထားပြီးဖြစ်ကြောင်း၊ မြေနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများတွင်ရှိသည့် လူနှင့်တိရစ္ဆာန်များ အသက် အန္တရာယ်ကျရောက်မှု မရှိစေရန် ချင်းတွင်းမြစ်ရေအခြေအနေများ၊ မိုးလေဝသနှင့်ဇလဗေဒမှ ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို စဉ်ဆက်မပြတ်နားထောင်၍ ရေလွတ်ရာနေရာများသို့ ကြိုတင် ရွှေ့ပြောင်းခြင်းများကို ဆောင်ရွက်သွားရန်နှင့် ချင်းတွင်းမြစ်ရေပိုမိုမြင့်တက်လာပါက အချိန်မီ ရွှေ့ပြောင်းပေးနိုင်ရေးအတွက် ယာယီကယ်ဆယ်ရေးစခန်းများအား COVID-19 ရောဂါကြိုတင် ကာကွယ်လုပ်ငန်းများနှင့်အညီ ဖွင့်လှစ်နိုင်မည့် နေရာများကို ကြိုတင်ပြင်ဆင် ထားရှိရန်၊ အသက် ကယ်လှေများနှင့် ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်း ထားရန်တို့ကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများအား ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ယနေ့အချိန်ထိ တော့ ရွှေ့ပြောင်း အိမ်ထောင်စု မရှိ သေးကြောင်း၊ ရွှေ့ပြောင်းအိမ်ထောင်စုများ ရှိလာပါက ထောက်ပံ့နိုင်ရေး ထောက်ပံ့ရေး ပစ္စည်းများကိုလည်း ကြိုတင်စီစဉ်စုဆောင်း ထားရှိပြီးဖြစ် ကြောင်း” မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး ပြောကြားချက်အရ သိရသည်။

မော်လိုက်သားလေး