မင်းဘူး နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်း လပြည့်နေ့ (နိုဝင်ဘာ ၁၈ ရက်) ည ၆ နာရီအချိန်က ဆီမီး ၅၀၀၀ ထွန်းညှိပူဇော် ခဲ့ကြပြီး တန်ဆောင်တိုင် ရုံးပိတ်ရက် ကာလအတွင်း မင်းဘူး(စကု) မြို့နယ်အတွင်းရှိ အထင်ကရနေရာများတွင် ဘုရားဖူးလာရောက် လည်ပတ်ကြသူများဖြင့် စည်ကားခဲ့ကြောင်း ရှင်ပင်စက္ကိန်းတဲစေတီတော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ဆီမီးပူဇော်ရာတွင် မင်းဘူးခရိုင်/မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ ဦးဆောင်၍ ဘုရားဂေါပက အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာရောက်သူများက ဆီမီး ၅၀၀၀ ကို ဘုရားပရဝုဏ်အတွင်း ထွန်းညှိ ပူဇော်ခဲ့ကြပြီး ဘုရားဖူးလာရောက်ကြသူများကို ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စုပေါင်း၍ ကြာဇံချက်များဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်း သိရသည်။
တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလနှင့် တန်ဆောင်မုန်းလပြည့်နေ့၌ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ အထင်ကရနေရာများဖြစ်သော မန်းရွှေစက်တော်ဘုရား၊ ရှင်ပင်စက္ကိန်းတဲ စေတီတော်၊ နဂါးပွက်တောင်တော်၊ ရှင်မင်းပူးစေတီတော်၊ ရှင်ပင်ချမ်းသားကြီး စေတီတော်နှင့် ဘုရားကျောင်းကန် စေတီပုထိုးစသည့် အထင်က ရနေရာများတွင် ဥပုတ်သတင်းသီလ ဆောက်တည်ကြသူများ၊ ပရိတ်/ပဌာန်းဒေသနာတော် ရွတ်ဖတ် ပူဇော်ကြသူများ၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်ပြုလုပ်ကြသူများ၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူ ပူဇော်ကြသူများအပြင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက် လည်ပတ်ကြသူများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသူများဖြင့် စည်ကား ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)