တန်ဆောင်မုန်းလပြည့်နေ့ည ဘိုကလေးမြို့နယ် အောင်စကြာစေတီတော်တွင် ဘုရားဖူးပြည်သူ များဖြင့်စည်ကား

ဘိုကလေး    နိုဝင်ဘာ    ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေအောင်စကြာ စေတီတော်မြတ်ကြီးအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအလျောက် ဖူးမြော်ခွင့် ယာယီပိတ်ထားခဲ့ပြီး ဂေါပကအဖွဲ့များမှ နေ့ထူးနေမြတ်များ၌ ဖူးမြော်ခွင့် ပြန်လည်ခွင့်ပြုခဲ့ရာ တန်ဆောင်မုန်းလပြည့်နေ့ညပိုင်း၌ ဘုရားဖူးများဖြင့် ပြန်လည်စည်ကားသိုက်မြိုက်ခဲ့သည်။

ရန်ပြေမာန်ပြေအောင်စကြာစေတီတော်မြတ်ကြီးသည် ဘိုကလေးမြို့နယ်၏ သမိုင်းဝင် စေတီတော်တစ်ဆူဖြစ်သည့်အတွက် တန်ဆောင်မုန်း လပြည့်နေ့ည၌ မြို့ပေါ်မှ ဘုရားဖူးပြည်သူများ အပါအဝင် ကျေးရွာအုပ်စုများမှ ဘုရားဖူးပြည်သူများပါ လာရောက်ဖူးမြော်ကြပြီး စေတီတော်မြတ်ကြီးအတွင်း ဆီမီး(၁၀၀၀)ပူဇော်သူများ၊ ဘုရား၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဇာတပ္ပဝတ္ထု အစုစုကပ်လှူပူဇော်သူများ၊ ပရိတ်၊ ပဌာန်းရွတ်ဖတ်ပူဇော်ကြသူများ၊ လိပ်စာ၊ ငါးစာ ဒါနပြုသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့သည့်အပြင် ဘိုကလေးမြို့နယ်၌ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ပါ  ကျင်းပနေသည့်အတွက် အောင်စကြာစေတီတော်မြတ်ကြီးနှင့် စေတီတော် ပတ်ဝန်းကျင်၌ လွန်စွာစည်ကားခဲ့ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)