ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ကျေးရွာများရှိ တောင်သူ များအား တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့

ပွင့်ဖြူ  ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ကျေးရွာများမှ ဒေသခံတောင်သူများ တိရစ္ဆာန်အစာ ဖူလုံစေရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာများ အရောက် ကွင်းဆင်းပြီး တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခု ထောက်ပံ့ပေးသည့် တိရစ္ဆာန်အစာအိတ်များကို စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ရုံးချုပ်)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံ ငွေဖြင့် ထောက်ပံ့ ပေးခြင်း ဖြစ်ပြီး တိရစ္ဆာန်အစာအိတ် (25Kg) အိတ် အလုံး (၂၀) နှင့် (50Kg) အိတ် အလုံး(၁၀၀) တို့ကို ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်စဉ်က ရေဝင်ရောက်ခဲ့တဲ့ကျေးရွာတွေက ဒေသခံ တောင်သူတွေ တိရစ္ဆာန်အစာ ပြတ်လပ်မှုမရှိစေရန်နဲ့ ဖူလုံစွာကျွေးမွေးနိုင်ရန် ၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားတဲ့ ကာလအတွင်း အခက်အခဲ မဖြစ်စေဖို့အတွက် ရည်ရွယ်ပြီးတော့ ကျေးရွာတွေအရောက် ကွင်းဆင်းပြီး တိရစ္ဆာန်အစာအိတ်တွေ ထောက်ပံ့ပေးနေခြင်းဖြစ်ပါ တယ်။ မြစ်ရေမြင့်တက်လို့ ရေဝင်ရောက်ခဲ့တဲ့ ကျေးရွာတွေကတော့ ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာ ၊ ကျွဲတိကျေးရွာ ၊ ဆည်မုန်းကျေးရွာ ၊ ညောင်ခြုံ ကျေးရွာ ၊ ပေါက်ကုန်းကျေးရွာ ၊ ပေတောကျေးရွာ ၊ သိမ်ကုန်းကျေးရွာ ၊ နန်းတော်ကျွန်းကျေးရွာ တို့ပဲ ဖြစ်ပါတယ်။ ထောက်ပံ့ပေးတဲ့ တိရစ္ဆာန်အစာအိတ်တွေကတော့  (25Kg) အိတ် အလုံး (၂၀) နှင့် (50Kg) အိတ် အလုံး(၁၀၀) ဖြစ်ပြီး ကျွန်တော်တို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ရုံးချုပ်)နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ပါ တယ်” ဟု ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး က ပြောသည်။

ရဲဝင်းနိုင် ( ညောင်ဦး )