စစ်ကိုင်းမြို့တွင် အမျိုးသား(လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

စစ်ကိုင်း နိုဝင်ဘာ ၁၉

၂၀၂၁ ခုနှစ်၊ စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား (လူသစ်တန်း) ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အားကစား ခန်းမအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ ယနေ့အချိန်အခါတွင် နိုင်ငံတော်မှ အားကစားကွင်းများကို အဆင့်မြှင့်တင်ပေးနေသလို အားကစားသမားများ ကိုလည်း သက်ဆိုင်ရာ အားကစားများ အလိုက် ကျင်းပဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယခုပြိုင်ပွဲဝင် သွားကြမယ့် အားကစားသမားကလည်း အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်သွား ကြစေလိုကြောင်း၊ မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့ဆိုသလို စည်းကမ်းရှိရှိ နည်းစနစ်မှန်မှန် ပြင်းပြင်းထန် လေ့ကျင့်ခြင်းမှသည် အောင်ပွဲများရရှိလာမှာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အားကစား ပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ အားကစား သမားများက လက်ခံရယူ ပေးခဲ့ကြကာ အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြသည်။

အမျိုးသား(လူသစ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် စစ်ကိုင်းမြို့ရှိ ရပ်ကွက်အသီးသီးမှ လူငယ်လေးများပါဝင်ပြီး သုံးယောက်တွဲ  ပိုက်ကျော်ခြင်း(၉)သင်း ပါဝင်ယှဉ်ပြိုင် သွားကြမှာဖြစ်ကာ ယနေ့တွင် ရိုးရိုးလေး ပိုက်ကျော်ခြင်း အသင်းနှင့် ဇေယျာပိုက်ကျော်ခြင်း အသင်းတို့ စတင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်