ကမာဝက်မြို့၌ (၃၁)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ခံပွဲကျင်းပ

မုဒုံ နိုဝင်ဘာ ၁၉

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၁)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်ဘုရား ဒေသစာရီလှည့်လည် ပူဇော်ခံပွဲကို ယမန်နေ့ (တန်ဆောင်တိုင်လပြည့်နေ့)က စည်ကား သိုက်မြိုက်စွာကျင်းပခဲ့သည်။

ထိုသို့ လှည့်လည်ပူဇော်ခံရာတွင် ကမာဝက်မြို့ခြင်္သေ့ကျောင်းတိုက် ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ဂေါပကအဖွဲ့ဝင်များနှင့် လူငယ်လေးများက အဆိုပါကျောင်းတိုက်မှစ၍ မြို့အတွင်းသို့ မော်တော် ယာဉ်များပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်နှစ်ကျိပ်ရှစ်ဆူတို့အား ပင့်ဆောင်ကာ ဒေသခံပြည်သူများ ပူဇော်နိုင်ရန် အတွက် လှည့်လည်ပူဇော်ခံ ခြင်းဖြစ်ကြောင်း၊ မြို့သူ / မြို့သားများတို့က ပန်း၊ဆီမီး၊ ရေချမ်း အစရှိသည့် ဇာတပုဝတ္ထု အစုစုတို့အား လှူဒါန်ပူဇော်ကြပြီးစေတနာရှင် အပေါင်းများမှလည်း စတုဒီသာ ကျွေးမွေး ဧည့်ခံကြသည်။

အဆိုပါ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော် ဒေသစာရီလှည့်လည်ပူဇော်ပွဲကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၃၁)ကြိမ်မြောက် ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်တွင် နံနက် ၁၁ နာရီမှ ည ၇ နာရီခွဲထိ လှည့်လည်ခဲ့ရာ ယခင်နှစ်များက ထက်ပိုမိုစည် ကားလျက်ရှိကြောင်း ဘုရားပွဲတော် ကျင်းပရေး ကော်မတီ တာဝန်ရှိသူထံမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)