ကျိုက်ထို ဩဂုတ် ၂၀
ကျိုက်ထိုမြို့နယ်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများတွင် ဒုတိယဖြစ်ပွားမှု အများဆုံးရောဂါဖြစ်သည့် သားအိမ် ခေါင်း ကင်ဆာ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကျိုက်ထိုမြို့နယ်တွင် HPV (Human Papilloma Virus) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပထမ အကြိမ်အဖြစ် စတင်ထိုးနှံ ပေးမှာဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးကို ထိုးနှံရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် အသက် (၉)နှစ်ပြည့်ပြီးမှ အသက် (၁၀)နှစ်အထိ မိန်းကလေးများ (သို့မဟုတ်) ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများရှိ ကျန်းမာရေးဆရာမများက စာရင်းများလိုက်လံကောက်ယူပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ထိုးနှံပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါက်တာ စောကလျာထံမှ သိရသည်။
သန်းသန်းမော်(ပြန်/ဆက်)