နာဂဒေသ၊ နန်းယွန်းမြို့၌(၂၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပ

နန်းယွန်း နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ (၂၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က နန်းယွန်းမြို့ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် စုပေါင်းမဟာဘုံကထိန်အလှူတော်ပွဲ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက် မဟာသဒ္ဓမ္မဇောတိကက်၊ ဘန္ဒန္တတေဇိန္ဒ ဆရာတော်အရှင်မြတ်ကြီးထံမှ (၅) ပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဘာမန်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ နှင့် ဘာသာဝင်များက တရားတော်များကို နာယူခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ အကြီးအကဲများ၊ အလှူရှင်များက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များအား ဆရာတော်ကြီးများထံ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် နန်းယွန်းမြို့နယ် သာသနာပြု ဗဟိုကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး စုပေါင်းမဟာကထိန် အလှူတော်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရာတွင် ဦးတင်ဦး+ဒေါ်အေးအေးစန်းတို့၏ သား ဦးအာကာတင်ဦး (မြို့နယ်အုပ်ရေးမှူး)မှ လှူဒါန်းငွေကျပ်(၁၀၀၀၀၀၀)ကျပ်၊ အမှတ်(၁၂၆) ခြေလျှင်တပ်ရင်းမိသားစုမှ လှူဒါန်းငွေ (၄၅၁၀၀၀)ကျပ်၊ မြို့နယ်ဌာနဆိုင်ရာ မိသားစုမှ လှူဒါန်းငွေ(၃၄၀၄၅၀၀) ကျပ်၊ ကုမ္ပဏီများမှလှူဒါန်းငွေ (၅၀၀၀၀၀၀)ကျပ်နှင့် နန်းယွန်းမြို့ပေါ် (၃)ရပ်ကွက်နေ ပြည်သူများနှင့် စျေးသူ၊ ဈေးသားများမှ လှူဒါန်းငွေ (၁၁၄၄၅၀၀)ကျပ် လှူဒါန်းငွေ စုစုပေါင်း(၁၁၀၀၀၀၀၀)ကျပ် (တစ်ရာတစ်ဆယ့်တိတိ)အား ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟန်ကမ်း(နန်းယွန်း)