ခန္တီး နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မိုးစပါးတစ်ဧက တင်း(၁၀၀) ထွက်ရှိရေး စံပြကွက် (၆၆'× ၆၆')ပတ်လည်(၀.၁၀) ဧကစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု၊ သာစည် ရပ်ကွက်ရှိ တောင်သူ ဦးကျော်စံဝင်း၏ ကွင်းအမှတ်(၄) ဦးပိုင် အမှတ်(၂၀)တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက ၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါးတစ်ဧကတင်း(၁၀၀) ထွက်ရှိရေးစံပြကွက်(၁၀)ဧကအား စိုက်ပျိုး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယနေ့ ကွင်းသရုပ်ပြပွဲသည် စိုက်ပျိုးခဲ့သော စံပြကွက်များအား တစ်ဧက အထွက်နှုန်း ခန့်မှန်းသိရှိနိုင်ရန် (၆၆'×၆၆')ပတ်လည် (၀.၁၀)ဧက စံကွက်ရိတ်သိမ်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စံကွက်ရိတ်သိမ်းခဲ့ရာ(၀.၁၀) ဧကစံကွက် အစိုတင်း(၁၂.၈)တင်းနှင့် တစ်ဧက အထွက်နှုန်း(၁၂၈)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တစ်ဧကအထွက်နှုန်း(၁၂၈)တင်း ထွက်ရှိရခြင်းအပေါ် ဒေသခံတောင်သူ ဦးကျော်စံဝင်းက တောင်သူများအနေဖြင့် စိုက်ပျိုးရေး ဦးစီးဌာန၏ လမ်းညွှန်မှုအရ သိပ္ပံနည်းကျ စိုက်နည်းစနစ်များဖြစ်သည့် ဘောင်စနစ်တွေနဲ့ ပျိုးထောင်ပြီး ကြိုးတန်းအုန်းခံ စိုက်စနစ်တွေကိုအသုံး ပြုခြင်းဖြစ်ကြောင်း ဘောင်စနစ်ဖြင့် အလျားပေ ၂၀/၃၀ အထိဆွဲပြီး အနံ(၃) ပေနှင့် အမြင့်(၄)လက်မရှိသည့် ဘောင်ပြုလုပ်ပြီး အဲဒီအပေါ် စပါးကို ရေတစ်ညစိမ်ပြီး မျိုးညှောင့်ဖေါက်၍ စာပါးစပ်ပြူလာသည့်ဟာလေးတွေကို ပျိုးဘောင်တွေပေါ် ပါးပါးဖြူးပေးပြီး မြေဆွေးပါးပါးပြန်အုပ်ပေးထားပြီး ပျိုးထောင်ခြင်း ဖြစ်ကြောင်း၊ ပျိုးသက် ၂၀/၂၂ရက် လောက်မှာ စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ ပျိုးသက်နုနု စိုက်ပျိုးသည့်အတွက် အပင်ပွားအားကောင်းလာပြီး အထွက်နှုန်း ကောင်းလာရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဟန်ထွန်း(အင်းဝ)