ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးလျက်ရှိ

ဇီးကုန်း နိုဝင်ဘာ ၁၉

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်နှစ် တစ်နှစ် နစ်နာမှုမရှိစေရေး၊ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပထမအကြိမ် ထိုးနှံပြီးသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့ နံနက် ၈ နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာအုပ်စုများအလိုက် ဆေးထိုးစုရပ်များ သတ်မှတ်၍ မြို့နယ်ကျန်းမာရေးဦးစီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို ထိုးနှံပေးလျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် ဆရာ၊ ဆရာမများက ကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် အ.ထ.က(ဇီးကုန်း)တွင် (၃၆၈)ဦး၊ အ.ထ.က(မြို့မ)တွင် (၄၆၆)ဦး၊ အ.လ.က(ထန်းတပင်)တွင် (၄၆၈)ဦး၊ အထက(မယင်း လက်ပံခုံ)တွင် (၂၇၀)ဦး၊ စုစုပေါင်း  ကျောင်းသား၊ ကျောင်းသူ (၁၅၇၂)ဦးကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)