ပွင့်ဖြူမြို့ လောကမာန်အောင်မြတ်စွာ ဘုရားကြီးတွင် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ တန်ဆောင်မုန်း လပြည့်နေ့ အခါသမယ ဆီမီးတစ်ထောင်ပူဇော်ပွဲကျင်းပ

ပွင့်ဖြူ နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ လောကမာန်အောင်မြတ်စွာ ဘုရားကြီးအား တန်ဆောင်မုန်း လပြည့်နေ့အခါသမယ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ဆီမီးတစ်ထောင် ကပ်လှူပူဇော်ပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း ပွင့်ဖြူမြို့ ၊ အနောက်ပိုင်းရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်ထံက သိရသည်။

အဆိုပါ ဆီမီးထွန်းညှိကပ်လှူပူဇော်ခြင်းကို ရပ်ကွက်နေပြည်သူများနှင့် စေတနာ အလှူရှင်များ ပူးပေါင်းပြီး တန်ဆောင်မုန်း လပြည့်နေ့ရောက်တိုင်း အစဉ်အလာမပျက် နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရကာ ယခုနှစ်တွင်လည်း ရပ်ကွက်နေ ပြည်သူများက ဆီမီးတစ်ထောင်ပူဇော်ခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်၏ ဦးဆောင်မှုဖြင့် လောကမာန် အောင်မြတ်စွာ ဘုရားကြီးအား ဆီမီးတစ်ထောင် ထွန်းညှိပူဇော်၍ ကုသိုလ်ကောင်းမှုပြုခြင်း၊ ပန်း၊ ရေချမ်း၊ အမွှေးနံ့သာတိုင်များ ကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာများပွားများ အားထုတ်ခြင်းများကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယ ဘုရာရှင်အားရည်မှန်း၍ ဘုရားစေတီ၊ ပုထိုးများတွင် ဆီမီးကပ်လှူ ပူဇော်ခြင်းကို မြို့ပေါ်ရပ်ကွက်ရှိ ဘုရားကျောင်းကန်များအပြင် ကျေးရွာများရှိ ရွာဦးဘုန်းတော်ကြီး ကျောင်းများရှိ ဘုရားစေတီ ပုထိုးများတွင်လည်း ရိုးရာမပျက် ဆီမီးထွန်းညှိ ပူဇော်ပွဲများကျင်းပ၍ ကုသိုလ်ကောင်းမှုပြုကြကြောင်း၊ အချို့ဒေသခံ ပြည်သူများက မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများကို မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ မဲဇလီဖူးသုတ်များဖြင့် စတုဒီတာအဖြစ် ကုသိုလ်ပြု ကျွေးမွေး လှူဒါန်းကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)