သထုံ နိုဝင်ဘာ ၁၉
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော် မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)က ပြည်သူများ အေးချမ်းစွာဖြင့် လာရောက်ဘုရားဖူး ကုသိုလ်ပြုကြလျက်ရှိကြောင်း တွေ့ရသည်။
"ကိုဗစ်ကြောင့် အရင်ရက်တွေကတော့ ဘုရားကို မနက် ၆ နာရီမှဖွင့်တယ်။ ဒီနေ့တော့ လပြည့်နေ့ အာရုဏ်ဆွမ်းကုသိုလ် ယူလိုသူတွေအတွက် မနက် ၅ နာရီက စပြီးဖွင့်ထား ပေးပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီလပြည့်နေ့မှာ ဆွမ်းကြီးလောင်းပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲနဲ့ ကြက်ပျံမကျစည်ကားခဲ့ပေမယ့် ကိုဗစ်ကြောင့် ဒါတွေမကျင်းပနိုင်တာ နှစ်နှစ်ရှိပြီ" ဟု စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောသည်။
လပြည့်နေ့တွင် ရွှေစာရံစေတီတော်မြတ်ကြီး၌ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများမှ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံသာတိုင်များ ထွန်းညှိပူဇော်ခြင်း ဘုရားဝတ်ပြု ဆုတောင်းသူများဖြင့် စည်ကားလျက်ရှိပြီး ဘုရားဖူးလာ ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေး ဘုရားဂေါပကအဖွဲ့များမှ နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)