စစ်တွေ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ကြသည်။
ထို့နောက် ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော် များရွတ်ပွားချီးမြှင့်တော်မူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက သာသနာရေးဆိုင်ရာများ လျောက်ထားပြီး စစ်တွေမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံသို့ ကထိန်လျာသင်္ကန်း၊ ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမ လှူဖွယ်သင်္ကန်းအား ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများက ကြွရောက် တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ် အဆင့်ဌာနဆိုင်ရာများက ကျောင်းတိုက် အသီးသီးမှ ဆရာတော်များအား ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာဂန္တဝါစကပဏ္ဍိတ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ကထိန်အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြသည်။
အဆိုပါ ကထိန်အလှူတော် မင်္ဂလာပွဲတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအလိုက်ဌာန ဆိုင်ရာများမှ လှူဒါန်းသည့် ကထိန်အရံပဒေသာပင် ၄၅ ခုတွင် ပစ္စည်းတန်းဖိုး ၁၄၆၅၄၃၅၀ ကျပ်၊ ငွေသားတန်ဖိုး ၁၅၄၀၀၃၀၀ ကျပ်၊ စုစုပေါင်းတန်ဖိုး ၃၀၀၅၄၆၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)