မိုင်းဆတ် ဩဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ ဟိုနားကျေးရွာအနီး နမ့်မယ်နားချောင်းပေါ်တွင် နိုင်ငံတော်အစိုးရမှ ယခုဘဏ္ဍာနှစ်တွင် ဟိုနားရေလွှဲဆည် တည်ဆောက်ပေးခဲ့သဖြင့် ဟိုနားကျေးရွာရှိ ဒေသခံ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
"အရင်နှစ်တွေ ဒီအချိန်လောက်ဆို မိုးရွာပြီး နမ့်မယ်နားချောင်းရေကြီးလို့ ကျွန်တော်တို့လယ်တွေ စိုက်ပျိုးရေရဖို့ လုပ်ထားတဲ့ လက်ရိုက်ဆည်ကျိုးပြီး စပါးပင်တွေ ရေနှစ်မြုပ်တာ၊ သဲဖုံးတာနဲ့ ဆည်ပြန်လုပ် ရလို့ ငွေကုန်တာနဲ့ ရွာထဲကအိမ်တွေကို ရေဝင်တာနဲ့ဒုက္ခအရမ်းရောက်ကြတယ်၊ အဲဒါကြောင့် မနှစ်က မြို့နယ်အစည်းအဝေးမှာ ဆည်လုပ် ပေးဖို့ တင်ပြခဲ့တာပါ"ဟု ဟိုနားကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဝဏ္ဏ ကပြောသည်။
ဟိုနားရေလွှဲဆည်သည် ယခင်က ဒေသခံတောင်သူများ လက်ရိုက်ဆည်ဖြင့် လယ်စိုက်ပျိုးရေ ရယူကြပြီး နှစ်စဉ်ထိန်းသိမ်းပြုပြင်နေရခြင်း၊ မိုးသည်းထန်စွာရွာသွန်းသည့်အခါ တောင်ကျရေများကြောင့် မကြာ ခဏ ဆည်ကျိုးပျက်ပြီး စပါးပင်များ ရေနှစ်မြုပ်ခြင်း၊ ဆည်ပြန်လည် ပြုပြင်ရသည့်အတွက် ပြင်ဆင်စရိတ်များ ကုန်ကျခြင်း၊ အောင်အပြည့်အဝမရရှိခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရမှ အခိုင်အမာတည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။
"ဒီနှစ်တော့ အစိုးရက ရေလွှဲဆည်တည်ဆောက်ပေးလို့ ချောင်းရေကြီးပြီးလယ်တွေ ရေနှစ်မြုပ်တာ၊ စိုက်ပျိုးရေရဖို့လုပ်ထားတဲ့ လက်ရိုက်ဆည်ကျိုးလို့ ရွာသားတွေစုပြီး ဆည်ပြန်လုပ်ရတာနဲ့ ရွာထဲကအိမ်တွေ ရေဝင်တာ မဖြစ်တော့ဘူး။ ဆည်က ရေကိုလိုသလောက် အထုတ်အသွင်းလုပ်လို့ရတဲ့ တံခါးတွေလည်းပါတော့ လယ်တွေလည်း အောင်ရေအပြည့်အဝရရှိပြီး စပါးလည်းအထွက်ကောင်းရမှာပါ၊ အများကြီးအဆင်ပြေသွားပပြီ၊ ရွာသားတွေ လည်း တော်တော်လေးပျော်ကြတယ်"ဟု ဟိုနားကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဝဏ္ဏက ပြောသည်။
အဆိုပါ ဟိုနားရေလွှဲဆည်သည် အကျိုးပြုလယ်မြေဧက(၁၆၀)ရှိပြီး ကျောက်စီကွန်ကရစ်ရေလွှဲဆည် ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ်(၉၈.၅)သန်းဖြင့် မြို့နယ်ဆည် မြောင်းဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ မတ်လတွင်အပြီး တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
သန်းဇော်(မိုင်းဆတ်)