မော်လမြိုင်ကျွန်းမြို့နယ်တွင် (၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကို ယနေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အခမ်းအနားအား နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးနောက် ဆရာတော်/သံဃာတော် အရှင် သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်တော်မူသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ကထိန်လျာ မြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ကာ မိုးညိုပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသထံမှ ကထိန်အနု မောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ (၂၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း (၁၀၈၀၆၀၅၀)ကျပ် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)