မြောင်းမြခရိုင်အတွင်း ဌာနဆိုင်ရာများ စုပေါင်း၍ မဟာဘုံကထိန်ပွဲကျင်းပပြုလုပ်

မြောင်းမြ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က မြောင်းမြမြို့နယ်၊ မြစိမ်းရောင် တောင်တော်၊ အောင်မင်းခေါင်ကြီးဓမ္မသာလ တန်ဆောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အလယ်တောရ စာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာသီဟထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို တာဝန်ရှိများက အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် အလယ်တောရစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာ သီဟမှ ရေစက်ချတရားတော်နှင့် နိဂုံးချုပ်သြဝါဒကထာ မိန့်ကြားပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။  အဆိုပါ စုပေါင်းမဟာ ဘုံကထိန်ပွဲတွင် ပဒေသာပင်(၁၇)ခု၊ ပစ္စည်းတန်ဖိုးကျပ်(၂၈၉၁၆၀၀)၊ ငွေသားတန်ဖိုးကျပ်(၁၂၉၂၀၉၀၀)၊ ဆွမ်းကွမ်း အလှူငွေကျပ်(၄၈၀၀၀၀)၊ စုစုပေါင်း လှူဒါန်းငွေကျပ် (၁၆၂၉၂၅၀၀)အား ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

(ခရိုင်ပြန်/ဆက်)