မော်လမြိုင်ကျွန်း မြို့နယ်အတွင်း ကျောင်းများတွင် အသုံးပြုရန် mask ၊ hand gel ၊ face shields များ လှူဒါန်း

မော်လမြိုင်ကျွန်း  ဩဂုတ် ၂ဝ

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကိုဗစ်ကာလအတွင်း ကျောင်းတက်ချိန်များတွင် ကျောင်းသား ကျောင်းသူများ အသုံးပြုရန်အတွက် Mask ၊ ဆပ်ပြာအဆီ၊ Hand Gel များ လှူဒါန်းပေးခြင်းကို မြို့နယ်ပရဟိတ ဝါသနာပါသူ လူငယ်များ စုစည်းထားသည့် ဦးချမ်းမြေ့အောင် ဦးစီးသော Second Family အဖွဲ့မှ ကျေးရွာကျောင်းများအရောက် လိုက်လံလှူဒါန်း ပေးလျက်ရှိသည်။

အဆိုပါအဖွဲ့သည် မြို့နယ်အတွင်းရှိ ကျေးရွာ အထက ကျောင်းများသို့ စေတနာရှင် ပြည်သူများ စုပေါင်းထည့်ဝင် လှူဒါန်းပေးသော ပစ္စည်းများအား ထပ်ဆင့်၍ ပညာလည်းပေး ကုသိုလ်လည်းယူ အစီအစဉ်ဖြင့် လှူဒါန်းပေးလျက်ရှိပါသည်။

ယမန်နေ့ညနေက ရန်ကုန်ပျိုးခင်းသာ၊ အောင်ဖောင်ဒေးရှင်း၏ သင်ကြားရေး စေတနာ့ဝန်ထမ်းများ အဖွဲ့မှ ဆရာဦးထွန်းကျော်ဟန် ဦးဆောင်သော ဆရာ၊ ဆရာမ များက မြို့နယ် Second Family အဖွဲ့သို့ Mask ၇၀၀ဝ ခု၊ Hand Gel ဘူးကြီး  ၃၄ ဘူး၊ Face Shields 240 ခုတို့အား လာရောက်လှူဒါန်းသည်။

ဆက်လက်၍ အဖွဲ့နှစ်ခုပူပေါင်းကာ မြင်းကကုန်းကျေးရွာ၊ အထက ခွဲကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ (၂၅ဝ) ဦးအတွက် mask 1300၊ Hand Gel၊ Face Shields များ လှူဒါန်းခဲ့ပြီး ကျောင်းသား ကျောင်းသူလေးများအား ကိုဗစ်ပညာပေး သီချင်း၊ ကျောင်းသန့်ရှင်း သပ်ရပ်ရေး သီချင်းများဖြစ်သော လက်ဆေးပါ၊ အဝေးထွက်သွားပါ ကိုရိုနာ၊ စိတ်လှဖို့ လိုတယ်၊ အမှိုက် ကောက်ကြစို့၊ ကိုယင်ကောင်တေး သီချင်းများဖြင့် ပညာပေးအကများ သရုပ်ဖော် စုပေါင်းလှုပ်ရှား ကပြ သင်ကြား ခဲ့ကြောင်း သိရသည်။

သီတာအောင်(ပြန်ဆက်)