ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့တွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ၏(၃၃)ကြိမ် မြောက်စုပေါင်း မဟာဘုံကထိန် အလှူတော်ပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က ဆင်ပေါင်ဝဲ မြို့အမှတ်(၂)ရပ်ကွက် သတိပဌာန်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား
ဖွင့်လှစ်ခဲ့ကြပြီး ဆင်ပေါင်ဝဲမြို့နယ်၊မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တဝိမလ ကမ္ဘာအေးဆရာတော်ကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သံဃာ တော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဇော်ဦး၊ဌာနဆိုင်ရာအကြီး အကဲများနှင့် ဝန်ထမ်းများက တရားတော်များ ကို နာယူခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြရာ လှူဒါန်းမှုအစုစုအတွက်၊ မြို့နယ် သံဃာ့ နာယကဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဝိမလ ကမ္ဘာအေးဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် စုပေါင်းမဟာဘုံကထိန်ပွဲအား "ဗုဒ္ဓသာသနံစိရံတိဌတု" သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားကို ရုတ်သိမ်းခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် ဌာနဆိုင်ရာများမှ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရာတွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း (၅၁၆၉၁၅၀) ကျပ်(ကျပ်ငါးဆယ့်တစ်သိန်း ခြောက်သောင်းကိုးထောင်တစ်ရာ့ငါးဆယ်တိတိ)အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)