မကွေးမြို့တွင် GRET Myanmar အဖွဲ့မှ သိန်း ၁၅၀၀ ကျပ် ခန့်ကုန်ကျခံကာ ဂါလံ(၁၆၀၀၀)ဆံ့ သောက်သုံးရေစင်တည်ဆောက်ပေး

မကွေး သြဂုတ် ၂၀

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် INGO အဖွဲ့တစ်ခုဖြစ်သည့် GRET Myanmar အဖွဲ့မှ ငွေကျပ်သိန်း ၁၅၀၀ ခန့်အကုန်ကျခံကာ ဂါလံ ၁၆၀၀၀ ဆံ့ သောက်သုံးရေစင် တစ်ခု တည် ဆောက် လှူဒါန်းပေးခဲ့ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

"GRET မြန်မာအဖွဲ့ကနေ မကွေးမြို့မှာ ရေဂါလံ ၁၆၀၀၀ ဆံ့ သောက်သုံးရေဖြန့်ပေးနိုင်တဲ့ ရေစင်အမြင့် လှူဒါန်းပေးတဲ့အပြင် စွန့်ပစ် အမှိုက်ကနေ မြေသြဇာထုတ်လုပ်မယ့် စက်ရုံ တစ်ခု လည်း တည်ဆောက်ပေးနေပါတယ်ဟု မကွေးမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိုးနီ က ပြောသည်။

မကွေးမြို့မှာ ယခင်ကဆိုရင် သောက်သုံးရေကို ၂ ရက်ခြား ၃ ရက်ခြားဖြန့်ဖြူးပေးရာကနေ အဲဒီရေစင်ကြီး တည်ဆောက်ပေးလိုက်တဲ့ အတွက် ၂၄ နာရီ ဖြန့်ဝေနိုင်မယ့် အပြင် ရေလေ လွင့်ဆုံးရှုံးမှု နည်းပါးမှာဖြစ်တယ်လို့ ၎င်းကဆိုသည်။

မကွေးမြို့တွင် သောက်သုံးရေ ဖြန့်ဖြူးရေးဇုန်(၆)ခုလောက်ရှိပြီး ယခုရေစင်ကို ဇုန်(၄)ထဲမှာ စံပြဇုန် အဖြစ် တည်ဆောက်ပေးထားကာ ယခင်ဖြန့်ဖြူးပေးသည့် အရေအတွက်ထက် အိမ်ခြေ ၁၀၀၀ ခန့် ပိုမိုဖြန့်ဖြူးပေးနိုင်မှာဖြစ်ကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီက သိရသည်။

သန်းနိုင်ဦး(ငဖဲ)