သံတွဲ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် မျိုးစေ့ထုတ်ဆင်းသွယ်လတ် စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်၉နာရီက ခရမ်းမော်ကျေးရွာရှိ အကွက်အမှတ်(၁၆၄) တောင်သူ ဦးကျော်ခိုင်၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ မျိုးစေ့ထုတ်ဆင်းသွယ်လတ် စံပြစိုက်ခင်း (၀.၁၀)ဧကကို သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းခိုင်ကြီးကြပ်မှုဖြင့် မျိုးစေ့ထုတ်တာဝန်ခံ၊ ကွင်းတာဝန်ခံများနှင့် သက်ဆိုင်ရာ တာဝန် ရှိသူများမှ မျိုးကောင်းမျိုးသန့်ရရှိပြီး အထွက်နှုန်းတိုးနည်းစနစ်များကို ဖြန့်ဝေ၍ စနစ်တကျ စိုက်ပျိုးခဲ့သဖြင့် ယခုစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း ၈၃.၂၇ တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းခိုင်နှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။