ရေနံချောင်း နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Book Club အဖွဲ့ဝင် စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ ကဗျာဆရာ ဦးဝင်းကျော်(ကိုဝေ) တို့ ပူးပေါင်းပြီး (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အဖြစ် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၃) နာရီအချိန်က ရေနံချောင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် စာပေချစ်မြတ်နိုးသာ စာရေးဆရာ၊ ကဗျာဆရာ ဦးဝင်းကျော် (ကိုဝေ) က “ ၁၉၂၀ ပြည့်နှစ်တွင် အင်္ဂလိပ်အစိုးရသည် ရန်ကုန်ကောလိပ်နှင့် ယုဒဿန်ကောလိပ်တို့ကို ပေါင်း၍ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ရန်စီစဉ်မှုအရ ရန်ကုန်တက္ကသိုလ်အက်ဥပဒေတွင်ပါရှိတဲ့ ကျောင်းသားဦးရေကို ကန့်သတ်ထားပြီး ကျောင်းအိပ်ကျောင်းစားများသာ ဖြစ်ရမည်ဟု သတ်မှတ်ထားခြင်း၊ တက္ကသိုလ်ပညာကို ချမ်းသာကြွယ်ဝသူများ၏ သားသမီးများသာ တက်ရောက်နိုင်ပြီး ဆင်းရဲနွမ်းပါးသူများ၏ သားသမီးများ မတက်ရောက်နိုင်အောင် စီစဉ်ထားခြင်းတို့ကို ကောလိပ်ကျောင်းသားများက လက်မခံနိုင်သဖြင့် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ကောလိပ်ကျောင်းသားများက တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ကြပါ တယ်၊ ကျောင်းသားသပိတ် စတင်ခဲ့တဲ့ ၁၉၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ (၅)ရက်၊(၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် (၁၀) ရက်)နေ့ကို အမျိုးသားနေ့ ဟူ၍ သတ်မှတ် ရန် ၁၉၂၁ ခုနှစ် ၊ အောက်တိုဘာလတွင် မန္တလေးမြို့မှာ ကျင်းပသောဂျီစီဘီအေ နဝမအကြိမ် အစည်းအဝေးက အဆိုပြုခဲ့ရာတန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ ကို “ အမျိုးသားနေ့အဖြစ် ပြဌာန်းကျင်းပခဲ့ပါတယ်” ဟု အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအဆင့်ဆင့် အကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ရုံးအနေဖြင့် အသိပညာပေးလုပ် ငန်းများကို ယခုလိုကိုဗစ်ကာလအတွင်းတွင် Online မှတဆင့် ထုတ်လွှင့် တင်ဆက် ပေးလျက်ရှိရာ (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အမျိုးသား အောင်ပွဲ နေ့အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ရေနံချောင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page နှင့် IPRD Yenanchaung Facebook Page တို့တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ