မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်အထင်ကရ ဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်တိုင် အများပြည်သူ ရုံးပိတ်ရက်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

မြောက်ဦး  နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်မုန်းနေ့ အများပြည်သူ ရုံးပိတ်ရက်များတွင် အနယ်နယ် အရပ်ရပ်မှ ပြည်သူများအနေဖြင့်  ယနေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာရောက်သူများဖြည့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထိုသို့ တန်ဆောင်တိုင် အများပြည်သူ ရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများမှ မြောက်ဦးမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရား၊ စေတီပုထိုးများ ဖြစ်သည့် ရန်အောင်ဇေယျ (ခေါ်)သျှစ်သောင်း ပုထိုးတော်ကြီးအတွင်း လာရောက် ဖူးမျော်ကြသူများမှ ပုထိုးတော်ကြီးအတွင်းရှိ ရခိုင်ရှေးဟောင်း အနုပညာပညာ ဗိသုကာလက်ရာများ၊ နံရံထွင်းကျောက်ဆစ် အနုပညာလက်ရာများနှင့် (၅၅၀) ဇာတ်နိပါတ်တော် များအား လည်းကောင်း၊ ထုက္ကန့်သိမ် ပုထိုးတော်ကြီးအတွင်းရှိ ရခိုင်လူမျိုးများ၏ ရိုးရာဝတ်စား ဆင်ယင်မှုများဖြစ်သည့် ဘောင်းတော်ထုံးဖွဲ့ပုံအဆင့်ဆင့်နှင့် ဆံထုံးတော် ဆင်ယင်ထုံးဖွဲ့ပုံ အဆင့်ဆင့်စသည့် ကျောက်ဆစ်အနုပညာ ဗိသုကာလက်ရာများအား ဘုရားဖူး လာရောက်ကြသော ပြည်သူများမှ စိတ်ပါဝင်စားစွာ ဝင်ရောက်လေ့လာကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများ အနေဖြင့် ရှေးခေတ်ရခိုင့် ရှေးဟောင်းဗိသုကာ ကျောက်ဆစ်လက်ရာများ၊ ရှေးဟောင်းအနုပညာအမွေ အနှစ်လက်ရာ များအား လေ့လာကြည့်ရှု ကြပြီးနောက်  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများမှ ရှေးဟောင်း ယာဉ်ကျေးမှု မြောက်ဦးရောက် အမှတ်တရ လက်ဆောင် ပစ္စည်းများ ဝယ်ယူခြင်းနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)