ရေနံချောင်းမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ရေနံချောင်း နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင် စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ ကဗျာဆရာ ဦးဝင်းကျော်(ကိုဝေ) တို့ ပူးပေါင်းပြီး (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး  Talk Show ဆွေးနွေးပွဲကို နိုဝင်ဘာလ(၁၆)ရက်နေ့ နေ့လည် (၃) နာရီအချိန်က  ရေနံချောင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး  Talk Show ဆွေးနွေးပွဲတွင် စာပေချစ်မြတ်နိုးသာ စာရေးဆရာ၊ ကဗျာဆရာ ဦးဝင်းကျော် (ကိုဝေ) က   ၁၉၂၀ ပြည့်နှစ်တွင် အင်္ဂလိပ်အစိုးရသည် ရန်ကုန်ကောလိပ်နှင့် ယုဒဿန်ကောလိပ်    တို့ကိုပေါင်း၍ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ရန်စီစဉ်မှုအရ ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင် ပါရှိတဲ့ ကျောင်းသား ဦးရေကို ကန့်သတ်ထားပြီး ကျောင်းအိပ်ကျောင်းစားများသာ ဖြစ်ရမည်ဟု သတ်မှတ်ထားခြင်း၊ တက္ကသိုလ်ပညာကို ချမ်းသာကြွယ်ဝသူများ၏ သားသမီးများသာ တက်ရောက်နိုင်ပြီး ဆင်းရဲနွမ်းပါး သူများ၏ သားသမီးများမတက်ရောက်နိုင်အောင် စီစဉ်ထားခြင်းတို့ကို ကောလိပ် ကျောင်းသားများက လက်မခံနိုင်သဖြင့် ၁၉၂၀ ပြည့်နှစ်၊ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကောလိပ် ကျောင်းသားများက တက္ကသိုလ် အက်ဥပဒေ ကို သပိတ်မှောက်ကြပါတယ်၊ ကျောင်းသားသပိတ် စတင်ခဲ့တဲ့ ၁၉၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ (၅)ရက်၊(၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော် (၁၀) ရက်)နေ့ကို အမျိုးသားနေ့ ဟူ၍ သတ်မှတ် ရန် ၁၉၂၁ ခုနှစ် ၊ အောက်တိုဘာလတွင်  မန္တလေးမြို့မှာ  ကျင်းပသောဂျီစီဘီအေ နဝမအကြိမ် အစည်းအဝေးက အဆိုပြုခဲ့ရာတန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ ကို “ အမျိုးသားနေ့ ” အဖြစ် ပြဌာန်းကျင်းပခဲ့ပါတယ် ” ဟု အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအဆင့်ဆင့်အကြောင်း ကို အကျယ် တဝင့် ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ရုံးအနေဖြင့် အသိပညာပေးလုပ် ငန်းများကို ယခုလိုကိုဗစ်ကာလအတွင်းတွင်  Online မှတဆင့် ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိရာ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ အသိပညာ ပေး  Talk Show ဆွေးနွေးပွဲကို ရေနံချောင်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook  Page နှင့် IPRD Yenanchaung Facebook  Page တို့တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ