မုဒုံမြို့၌ (၉၅)ကြိမ်မြောက် သမိုင်းဝင်ဆံတော်ရှင်ကန်ကြီး စေတီတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်

မုဒုံ နိုဝင်ဘာ ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၏  ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီး စေတီတော်မြတ်ကြီး၌   ရှေးအစဉ်အလာမပြတ်   နှစ်စဉ်ကျင်းပမြဲဖြစ်သော  မသိုးသင်္ကန်း ရက်လုပ် ပူဇော်ပွဲကို ယနေ့ နံနက် ၆ နာရီမှစတင်ကာ စေတီတော်အတွင်း ရက်လုပ်ကြောင်း သိရသည်။

အဆိုပါ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို မုဒုံမြို့နေ ဦးကျော်ကျော်ဦး၊ ဇနီးဒေါ်ကြည်ကြည်ဋ္ဌေး (ရူပါမွန်) မိသားစုမှ  ရက်ကန်းစင်လေးစင် ခန့်မှန်းကုန်ကျငွေကျပ် (၂၅)သိန်းဖြင့် ရက်လုပ်လှူဒါန်း ပူဇော်သွားမည် ဖြစ်ရာ  ယနေ့ည(၆)နာရီတွင် မြို့နယ်အတွင်းရှိ ကန်ကြီး စေတီတော်၊ ကန်ကလေးစေတီတော်၊ သဘောင်ဦးစေတီတော်၊  ကျိုက်ကမော့လေး  တောင်ပေါ် စေတီတော်၊  ဆုတောင်းပြည့် စေတီတော်နှင့် ဘင်လှိုင်စေတီတော် ဘုရားတို့တွင် ဆက်ကပ် လှူဒါန်းပူဇော် သွားမည်ဖြစ်သည်။

မုဒုံမြို့နယ်တွင် ရှေးနှစ်များ၌ မသိုးသင်္ကန်း ရက်ကန်းခတ်ပြိုင်ပွဲကို  တန်ဆောင်မုန်းလဆန်း  ၁၄ ရက်နေ့ည ဆုတောင်းပြည့်စေတီတော်ရှေ့တွင် ရပ်ကွက်/ကျေးရွာများ ကိုယ်စားပြု အသင်းအဖွဲ့များမှ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ရောဂါ   အခြေအနေများကြောင့် ပြုလုပ် ကျင်းပခြင်းမရှိသည်မှာ (၂)နှစ်တိုင်တိုင်ရှိပြီး ဖြစ်ကြောင်း၊   ယခုနှစ်တွင်    သြဝါဒါစရိယ ဆရာတော် ကြီးများ၏ မိန့်ကြားမှု အလှူရှင်များ၏ အစီအစဉ်ဖြင့်    ပြုလုပ်ကျင်းပရကြောင်း၊ ဘုရားဖူး ပြည်သူများ အနေဖြင့်လည်း ကန်ကြီးစေတီတော် ဖူးမြှော်ကြည်ညိုနိုင်ရန်အတွက် နေ့စဉ် နံနက် ၅ နာရီမှ ည ၈ နာရီအထိ    ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပေးထားမည် ဖြစ်ကြောင်း ကန်ကြီး စေတီတော်ဂေါပက အဖွဲ့ထံမှ သိရသည်။

အောင်မျိုးသူ(IPRD)