သံဖြူဇရပ်မြို့ ကျိုက်နဲ​ရေလယ်ဘုရားသို့ ရပ်နီး၊ရပ်ဝေး ဘုရားဖူးပြည်သူများ လာ​ရောက်ဖူး​မျှော်နိုင်

သံဖြူဇရပ်  နိုဝင်ဘာ  ၁၇

မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ်၊ အံခဲ​ကျေးရွာနှင့်  ဝဲက​လောင်း​ကျေးရွာ၏   အ​နောက်ဘက်ပင်လယ်ကမ်းစပ်မှ နှစ်မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်း​ ကျောက်​ဆောင်ထက်၌ တည်ထား ကိန်းဝပ်တော်မူသော   ဆံ​တော်ရှင်  ကျိုက်နဲ​ရေလယ်ဘုရား   ဗုဒ္ဓပူဇနိယပွဲ​တော်ကို   နှစ်စဉ်တန်​ဆောင်မုန်းလပြည့်ကျော်(၃)ရက်​နေ့တွင် ကျင်းပ​ကြောင်း သိရသည်။ ''ကျိုက်နဲ​ရေလယ်ဘုရား  ဗုဒ္ဓပူဇနိယပွဲ​တော်ကို  နှစ်စဉ်စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့ပြီး ရပ်​နီး၊ရပ်ဝေးဘုရားဖူး ပြည်သူ များလာ​ရောက်သူများပြားကြောင်း၊  ပွဲတော်ကျင်းပရက် နံနက်၇နာရီခန့် ပင်လယ်ဒီ​ရေ ကျချိန် ပင်လယ်ကမ်းစပ်မှစပြီး  နှစ်မိုင်ခန့်​ဝေးတဲ့  ပင်လယ်ပြင်အတွင်း ​ရေလယ်ဘုရားအနီးမ​ရောက်မီ အထိ  နတ်လမ်းဟု​ခေါ်တွင်သည့် အကျယ်​ပေ၃၀၊၄၀ခန့်ရှိတဲ့ သဘာဝ​ကျောက်စီလမ်း​ပေါ်လာပြီး၊  အဆိုပါ နတ်လမ်းကို  လာ​ရောက်​လေ့လာကြည့်ရှုကြသူ​တွေနဲ့   ဘုရားမှကမ်းခြေသို့ အပြန်ခရီးကို  နတ်လမ်းမှလမ်း​လျှောက်ပြီး​ ပင်လယ်ပြင်အတွင်းမှာ ထူးခြားတဲ့​ကျောက်စီလမ်းဖြစ်​ပေါ်​နေမှုကို လာရောက်ကြည့်ရှုကြခြင်းနဲ့ ဒေသခံတိုင်းရင်းသားများ၏ ဧည့်ဝတ်​ကျေပွန်မှု  လမ်းပန်းဆက်သွယ်​ရေး​  ကောင်းမွန်မှုတို့​ကြောင့်  ကျိုက်နဲ​ရေလယ်ဘုရားပွဲတော်ကို  နှစ်စဉ်လာ​ရောက်သူများပြား ရခြင်းဖြစ်ပါတယ်"ဟု  ဝဲက​လောင်း​ကျေးရွာမှ​  ဒေသခံ​ပြည်သူတစ်ဦးက ပြောသည်။

ကျိုက်နဲ​ရေလယ်ဘုရားပွဲတော် ကျင်းပသည့်​နေ့ရက်တွင် ဘုရားဖူးများအား နံနက်၄နာရီမှစ၍ အနီးဝန်းကျင်  ကျေးရွာများမှ ပဲ့​ထောင်​လှေများဖြင့်​  စေတီသို့ အခမဲ့ပို့​ဆောင်​ပေး၍  နံနက်၇နာရီခန့် အချိန် ပင်လယ်ဒီ​ရေကျချိန်၌  အပြန်ခရီးကို   သဘာဝ​ကျောက်စီနတ်လမ်းမှ    လမ်း​လျှောက်ပြန်ကြ​ကြောင်းနှင့် ဘုရားဖူးပြည်သူများအား​ စတုဒီသာ​ကျွေး​မွေးခြင်း၊​သောက်​ရေသန့်ဘူးဝေငှခြင်း၊လိုအပ်သည့် အကူအညီများ​ပေးနိုင်ရန် မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၊  ကျေးရွာလူမှုကူညီ​ရေးအဖွဲ့များမှ ပူး​ပေါင်း​ဆောင်ရွက်​ပေးသည်။ အဆိုပါဘုရားပွဲတော်သို့  မည်သူမဆို  ရပ်နီး၊ရပ်ဝေး ဘုရားဖူးပြည်သူများ လာရောက်ကုသိုလ်ယူ ဖူးမြှော်နိုင်ကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)