နတ်မောက်၌ ရာသီပေါ်မဲဇလီဖူး ရောင်းသူများ အဆင်ပြေလျက်ရှိ

နတ်မောက် နိုဝင်ဘာ ၁၇

တန်ဆောင်မုန်းလတွင် မဲဇလီဖူးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ မဲဇလီဖူးရောင်းသူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့အတွင်းတွင် မဲဇလီပင်များသည် ကားလမ်းဘေးဝဲယာများ၌ အများစု တွေ့နိုင်သည်။

မဲဇလီဖူးမှာ ဆေးဖက်ဝင်အပင်ဖြစ်ပြီး မဲဇလီဖူးကို သုပ်စားပါက ကျန်းမာရေးနှင့်ညီညွတ်သည်။ အထူးသဖြင့် လေအတွက် ကောင်းမွန်သည်ဟု ဆိုထားသည်။

တန်ဆောင်မုန်းလပြည့်နေ့ ည(၁၂)နာရီတွင် ဆေးပေါင်းခချိန်နှင့် မဲဇလီဖူး သုပ်အကြောင်းကို လူသိများ လှသည်။ လက်ရှိကာလ တန်ဆောင်မုန်းလပြည့်နီးသည့် ကာလ မဲဇလီဖူးများ ရောင်းအားကောင်း လျက်ရှိကြောင်း သိရသည်။

တစ်နေ့လျှင် မဲဇလီဖူးချိုးသူ တစ်ဦးကို အနည်းဆုံး မဲဇလီဖူးပြည်(၂၀)အထိ ရရှိကြောင်း သိရသည်။ မဲဇလီဖူးများ ရောင်းချရာတွင် ပြုတ်ပြီးမှ ရောင်းချလေ့ရှိရာ ပြုတ်ပြီးသား မဲဇလီဖူး တစ်ပြည်လျှင် ငွေကျပ်(၁၂၀၀) ဖြင့် ရောင်းချကြရသည်။

လက်ရှိကာလတွင် နတ်မောက်မြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ မဲဇလီဖူးရောင်းသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှဝင်း