ဇီးကုန်း နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အတက်ရောဂါ အကြောင်း သိကောင်းစရာ အသိပညာပေး ရှင်းလင်းခြင်းနှင့် စေတနာဝန်ထမ်း ကျန်းမာရေး လုပ်သားများအား ကုသရေးသင်တန်းပို့ချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျန်းမာရေး ဦးစီးဌာန ခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးရေးဦစီးဌာနဦးစီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်နိုင်ဦးက အတက်ရောဂါအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားရာတွင် “ကမ္ဘာတစ်ဝန်း၌ အတက်ရောဂါရှိသူ သန်း(၅၀)ခန့်ရှိကြောင်း၊ အတက်ရောဂါသည် စနစ်တကျ ဆေးကုသမှုခံယူလျင် ပျောက်ကင်းနိုင်ကြောင်း၊ ပြည်သူများ အတက်ရောဂါနှင့်ပတ်သက်၍ ဆောင်ကျဉ်ရန်အချက်များ သိရှိပြီး စနစ်တကျဆေးကုသမှုခံယူရေး သိရှနိုင်ရန်နှင့် မြန်မာနိုင်ငံတွင်လည်း အတက်ရောဂါ ရှိသူများကို ထိရောက်သော ဆေးကုသမှုပေးနိုင်ရေးအတွက် ကမ္ဘာကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းပြီး မြို့နယ်(၃၄)မြို့နယ်တွင် စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အတက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များနှင့် လွဲမှားစွာပြုမူ ဆောင်ရွက်ချက်များကို ပရောဂျက်တာဖြင့်ရှင်းလင်းပြသခဲ့ပြီး၊ စေတနာဝန်ထမ်း ကျန်းမာရေး လုပ်သားများအား သင်တန်းဆက်လက်ပို့ချပေးလျက် ရှိသည်။ အဆိုပါသင်တန်းကို နှစ်ရက်ပို့ချ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)