တောင်တွင်းကြီး နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၃၁)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်း မဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် သာယာအေး ကျောင်းတိုက် ဆရာတော် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တစာရိတထံမှ ငါးပါးသီလနှင့် သြဝါဒခံယူ ဆောက်တည်၍ သာယာအေးကျောင်းနှင့် ရတနာဒေဝီကျောင်းတို့မှ ဆရာတော်များအား တာ၀န်ရှိသူများက ကထိန်ညှပ်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာယာအေး ကျောင်းဆရာတော်မှ ညှပ်သင်္ကန်းကပ်လှူခြင်း ကုသိုလ်တော်အား မိန့်ကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ငှက်ပစ်တောင် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာကမ္မ ဌာနာစရိယ၊ မဟာသဒ္ဓမဇောတိကဘဒ္ဒန္တမာနိတထံမှ လှူဒါန်းမှူ အစုစုအတွက် ကထိန် အနုမောဒနာ ရေစက်ချတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ပြီးမြောက်ကြောင်းနှင့် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(၃၁)ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ဆက်ကပ် လှူဒါန်းရာတွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း(၇၃၀၉၈၇၅)ကျပ်အား ဆက်ကပ်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)