ကျောက်တော် နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ် ပြိုင်ပွဲ ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါရုံးရှိ ကလေးစာဖတ်ခန်းအတွင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြင့် ကလေးငယ်များအနေဖြင့် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အားလပ်သည့် အချိန်များတွင် စာကြည့်တိုက်သို့လာရောက်၍ ဗဟုသုတရရှိစေရေးအတွက် စာငှား၊ စာဖတ်ကြရန်၊ စာကြည့်တိုက်သို့စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အကျင့် ကောင်းများဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ကျောက်တော်မြို့ (အ-မ-က)ပိုက်သည် ရပ်ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများမှ ပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ဆေးရောင်ခြယ် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေး အပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
တင်လှိုင်