ပွင့်ဖြူ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း ကျင်းပ ပြုလုပ်သည့် (၂၄)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက် ၊ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာရှိ ပါဠိဝါစကကျောင်းတိုက်တွင်ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များက နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် ခဲ့ကြပြီး ဘုရားကုန်းကျေးရွာ ရွာဦးကျောင်းတိုက်မှ တိုင်းဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီးလ ခံယူဆောက် တည်ခဲ့ကြသည်။
ဆက်လက်၍ ပင့်သံဃာအရှင်သူမြတ်များက မေတ္တာသုတ်နှင့် အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်ပွားများ ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နားကြားကာ ရေးစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များထံ ကထိန်သင်္ကန်း ၊ စာရေးတံမဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နှစ်စဉ်နှစ် တိုင်း စီစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် (၂၄)ကြိမ်မြောက် ရှိပြီဖြစ်ကာ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်ပွဲ ဆက်ကပ်လှူဒါန်းရာတွင် ပင့်သံဃာ(၂၇)ပါးအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ အပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၇၆၅၆၀၀၀ အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )