သာယာဝတီ နိုဝင်ဘာလ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန သာယာဝတီမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဟူသောဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံသားဖြစ်ကြသော တိုင်းရင်းသား များနှင့်ဥပဒေအရ နိုင်ငံသားများအားဥပဒေနှင့် အညီအိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများအား မိဘပြည်သူများ သိရှိနိုင်စေရေးအတွက် ပန်းခင်းစီမံချက်အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိအောင်မှ ပန်းခင်းစီမံချက်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ လူဝင်မှု ကြီးကြပ်ရေး ဦးစီးမှူးရုံးမှ မြို့ဦးစီးမှူး ဦးစန်းထူးက ဆွေးနွေးဖြေကြားရာတွင် လက်ရှိဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင်အိမ်ထောင်စု လူဦးရေစာရင်း ရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံသားအခွင့်အရေးရရှိရေး ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးကို လျှောက်ထားကိုင်ဆောင်ရမည်ဖြစ်ပြီး အသက်ပြည့်ပြီးကိုင်ဆောင်လက်မှတ် မရှိသူများ မကျန်ရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး သာယာဝတီမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ၌လည်း ဒေသခံတိုင်းရင်းသား မိဘပြည်သူ များအား ဥပဒေနှင့်အညီနိုင်ငံသား စိစစ်ရေးကတ်အား ရပ်ကွက်၊ ကျေးရွာအုပ်စု ကျေးရွာများသို့ သွားရောက်ကာ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး မိမိတို့၏ မြို့နယ်ရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုင်ဆောင်လက်မှတ် လျှောက်ထားသူတိုင်း ဓာတ်ပုံရိုက်ခ၊ သွေးစစ်ခအပါ အဝင်အခြားကုန်ကျမှု မပေးဆောင်ရပဲ အချိန်ကုန် ငွေကုန်ခြင်းမရှိပဲ ကိုင်ဆောင် လက်မှတ် တစ်မျိုးမျိုးကို အမြန်ရရှိစေမှာဖြစ်ကြောင်း၊ ကိုင်ဆောင်လက်မှတ် မရှိသေးသော တိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးများနှင့် သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးများသို့ သွားရောက်ကာ အမြန်ဆုံး သတင်းပေးပို့ပြီး ပြုလုပ်ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)