ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်

စစ်တွေ  နိုဝင်ဘာ ၁၆

၂၀၂၁ ခုနှစ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအ ခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီ အားကစားခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အားကစားဝါ သနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။

 

ရှေးဦးစွာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်ပွဲအဖြစ် စစ်တွေမြို့နယ်အသင်းနှင့် သံတွဲမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်တွေမြို့နယ်အသင်းက တစ်ပွဲရှုံးနှစ်ပွဲနိုင်ဖြင့် အနိုင်ရရှိကာ ဆုဖလားအားရရှိသွားသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ စစ်တွေခရိုင်အုပ်ချုပ် ရေးမှူးနှင့် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးတို့က အမျိုးသားနှင့် အမျိုးသမီး အကောင်းဆုံးအားကစား သမားဆုများကို ပေးအပ်ချီးမြှင့်ပေးကြပြီး အစိုးရအဖွဲ့အတွင်းရေးမှူးက တတိယ ဆုရရှိသော တောင်ကုတ်မြို့နယ် အမျိုးသမီးအသင်းအား လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအားပေးအပ်ချီးမြှင့် သည်။ ဆက်လက်၍ ပြည်နယ် ဥပဒေချုပ်က တတိယဆုရရှိသော ရမ်းဗြဲမြို့နယ်အမျိုးသမီး အသင်းအားလည်းကောင်း၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက ပထမဆုရရှိသော သံတွဲမြို့နယ် အမျိုးသမီး အသင်းအားလည်းကောင်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တတိယဆု ရရှိ သော တောင်ကုတ်မြို့နယ် အမျိုးသားအသင်း အားလည်းကောင်း၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး က ဒုတိယဆုရရှိသော သံတွဲမြို့နယ် အမျိုးသားအသင်းအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပထမဆုရရှိသော စစ်တွေမြို့နယ်အသင်းအားလည်းကောင်း လည်ဆွဲ ဆုတံဆိပ်နှင့် ငွေသားဆုတို့ကိုပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပထမဆုရရှိသော သံတွဲမြို့နယ် အမျိုးသမီးအသင်းအား တံခွန်စိုက်ဆုဖလားအားလည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပထမဆုရရှိသော စစ်တွေမြို့နယ်အမျိုးသားအသင်းအား တံခွန်စိုက်ဆုဖလား အားလည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။

အဆိုပါ မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အမျိုးသား (၁၇)သင်းနှင့်အမျိုးသမီး(၁၆)သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားများအား ဆုငွေ ၅၀၀၀၀ ကျပ်၊ တတိယဆုကျပ် ၁၅၀၀၀၀၊ ဒုတိယဆုကျပ် ၂၀၀၀၀၀ နှင့် ပထမဆုကျပ် ၃၀၀၀၀၀ စီချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)